လယ်ယာမြေ အငြင်းပွားမှု NLD နဲ့ ၈၈ မျိုးဆက် ကူညီဆောင်ရွက်

လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ် လေးထောင့်ကန် လယ်သမားတွေ အရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန် လယ်သမားများနှင့် ရှေ့နေ ကိုဖိုးဖြူတွေ့ဆုံ ဆွေနွေးနေစဉ်။
၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန် လယ်သမားများနှင့် ရှေ့နေ ကိုဖိုးဖြူတွေ့ဆုံ ဆွေနွေးနေစဉ်။ (RFA)

ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီ ၁၅ ခုက သိမ်းယူထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ချောင်းရွာက လယ်မြေဧက ၁၂၀၀ ကျော်မှာ လယ်သမားတွေက ပြန်လည် ထွန်ယက်ဖို့ ကြိုးစားခဲ့ကြရာ လယ်တွေထဲကို ဝင်လို့မရအောင် ပိတ်ဆို့ တားဆီးထားတာနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်း ဆွေးနွေးတာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ရှင်းလင်းပြောဆိုပါတယ်။

လယ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြ တိုင်တန်းခဲ့ပေမဲ့ ထူးခြားမှု မရှိတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ကြောင်း သိရပါတယ်။

NLD ဒဂုံဆိပ်ကမ်း လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်နဲ့ ရှေ့နေ ကိုဖိုးဖြူတို့ ဒီကနေ့ လယ်သ မားတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေကို မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန် ရပ်ကွက်က လယ်ယာမြေတွေကို ရွှေဟိန်းထက်၊ ရွှေတောင်၊ ဂွတ်ဘရားသား၊ အေးရှားဝေါလ်၊ ပင်လယ်ကိုးသွယ်၊ အမျိုးသား ကြီးပွားတိုးတက်ရေး၊ ဧဒင်၊ မြရွှေဝါ၊ မက်စ်မြန်မာ၊ ဒဂုံအင်တာနေရှင်နယ်၊ မြင့်ဇေယျာ၊ ယုဇန၊ ဆင်းရွှေလီ၊ ရွှေနဂါးမင်း၊ ဝန်းရံခ စတဲ့ ကုမ္ပဏီတွေက သိမ်းယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။