အလုပ်သမားအရေး ၈၈ ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေး
စက်မှုဇုန် အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အလုပ်သမားရေး ဆောင်ရွက်သူတွေ လှိုင်သာယာမြို့က ကနောင်မင်းသားကြီး ခန်းမမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။
-
2012-07-05 -
-
-
ဒီကနေ့ တွေ့ဆုံပွဲမှာ လက်တလော ဖြစ်ပွားနေတဲ့ မင်္ဂလာဒုံမြို့နယ်က ဖာမိုဆို အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ အရေးကို အဓိက ဆွေးနွေးကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
"အထူးသဖြင့် လုပ်ခလစာပါ။ လုပ်ခလစာမှာ သဘာဝချင်း ကွာတာက တခြားအထည်ချုပ် စက်ရုံတွေမှာက အကူလုပ်သား အဆင့် ဆိုတာရှိတယ်။ တခြားစက်ရုံတွေမှာ အနိမ့်ဆုံးလစာ ညှိနှိုင်းတာက အကူလုပ်သားအဆင့်နဲ့ ညှိတာ၊ ဆိုတော့ အခု ဖာမိုဆို မှာကျတော့ အကူအလုပ်သားအဆင့် မရှိဘူး။ အနိမ့်ဆုံး အဆင့်က ကျွမ်းကျင်လုပ်သားတွေချည်းပဲ ဖြစ်နေတော့ သူတို့လုပ်ခလစာနဲ့ ပတ်သက်လို့က သီးခြားညှိနှိုင်းပေးရတော့မယ် ပေါ့နော်"
အနောက်တိုင်းဝတ်စုံတွေ ချုပ်တဲ့ ဖာမိုဆို စက်ရုံကို ဂျပန်နိုင်ငံသားတစ်ဦး ပိုင်ဖြစ်ပြီး မြန်မာနိုင်ငံမှာ စက်ရုံ ၃ ရုံ တည်ထားပါတယ်။ မင်္ဂလာဒုံ စက်မှုဇုန်က စက်ရုံမှာတော့ အလုပ်သမား (၆၅၄) ဦး ရှိပါတယ်။
သူတို့ကို အခြေခံလုပ်ခလစာ ၁ သောင်း ၄ ထောင်ကျော်ပဲ ပေးတဲ့အတွက် လစာတိုးပေးဖို့ ဇွန်လ ၈ ရက်နေ့ကစပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ ယာယီ အခြေခံလစာ သတ်မှတ်ဖို့အတွက် အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တွေ ဇွန်လ ၅ ရက်နေ့က စတင်ပြီး ညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ စက်မှုဇုန် စက်ရုံအလုပ်သမားတွေရဲ့ အနိမ့်ဆုံး ယာယီလစာကို ကျပ် ငါးသောင်း ခြောက်ထောင် ခုနှစ်ရာ (၅၆၇၀၀) သတ်မှတ်ခဲ့ပါတယ်။