၈၈ ညီလာခံ ၈၈ မျိုးဆက်များ တက်ရောက်မည်

အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံမှာ ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားများညီလာခံကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ၃ ဦး တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

ရှစ်လေးလုံး ငွေရတုအကြိုအဖြစ် နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားတွေ ပူးပေါင်းစီစဉ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများညီလာခံကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇွန် ၂၈ ရက် ကနေ ၃ဝ ရက်အထိ ကျင်းပမှာဖြစ်ပြီး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပြုံးချို၊၊ ကိုအံ့ဘွယ်ကျော်နဲ့ ကိုမင်းဇေယျတို့ တက်ရောက်မှာ ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ ဆွေးနွေးကြမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ရှင်းပြပါတယ်။

"အမေရိကားနဲ့ ကနေဒါမှာရှိတဲ့ ၈၈ မျိုးဆက်တွေက ငွေရတုအတွက် သူတို့ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်၊ ခေါင်းစဉ်ခြောက်ခု စီစဉ်ထားတယ်၊ အဲဒီထဲက အကောင်းဆုံးတစ်ခုကိုတည်ပြီး၊ကျန်တာတွေကို ဆွေးနွေးပြီး အဲဒီညီလာခံထဲက ဆုံးဖြတ်ချက်တစ်ခု ရယူသွားမှာပါ"

ဒီညီလာခံမှာ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်အားလုံး မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရေးတွေကို အဓိကထားဆွေးနွေးကြမယ်လို့လဲ သိရပါတယ်။

ညီလာခံတက်ရောက်ဖို့အတွက် ကိုပြုံးချို နဲ့ ကိုအံ့ဘွယ်ကျော်တို့ နှစ်ဦးဟာ စနေနေ့ညနေပိုင်းက ကနေဒါနိုင်ငံကို ထွက်ခွာသွားခဲ့ကြပြီး၊ ကိုမင်းဇေယျကတော့ ဇွန်လ ၂၈ ရက်နေ့မှာ ထွက်ခွာမှာ ဖြစ်ပါတယ်။

အဲဒီနောက် ၈၈ မျိုးဆက်ခေါင်းဆောင်သုံးဦးဟာ လာမယ့် ဇူလိုင် ၅ ရက်က ၇ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာကျင်းပမယ့် နိုင်ငံတကာရောက် ၈၈ မျိုးဆက်ညီလာခံကို တက်ရောက်ကြမှာဖြစ်ပါတယ်။