ရန်ကုန်မှာ တစ်လအတွင်း ၈၅ ဦး ဖမ်းဆီးခံရပြီး တစ်ဦး အသတ်ခံရ

ရန်ကုန်မြို့မှာ မြို့ပြသပိတ်တွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဖောက်ခွဲမှုတွေကြောင့် လူငယ်တွေ ပိုက်စိပ်တိုက် ဖမ်းဆီးခံနေရပြီး RFA က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အသံတိတ်သပိတ် ပြုလုပ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ တစ်လ အတွင်း လူကြီး၊ လူငယ် ၈၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ပစ်ခတ်ခံရလို့ အနည်းဆုံး လူငယ် တစ်ယောက် သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲဒီအထဲက အနည်းငယ်လောက်သာ ပြန်လွတ်လာကြပေမယ့် အများဆုံးကတော့ ရဲစခန်းအသီးသီးမှာ ထိန်းသိမ်းခံနေရသလို အချို့ကလည်း စစ်တပ် စစ်ကြောရေး စခန်းတွေဆီကို ပို့ဆောင်ခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေအရေး စောင့်ကြည့် နေတဲ့ လူငယ်တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ထဲမှာဆိုရင် စစ်အာဏာသိမ်း တစ်နှစ်ပြည့် အသံတိတ်သပိတ်၊ ၂ ခြောက်လုံး လှုပ်ရှားမှု အပါအဝင် ရန်ကုန်မြို့ရဲ့ နေရာအနှံ့မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ မြို့ပြ သပိတ်တွေကို လူငယ်တွေက ဆင်နွှဲခဲ့ကြတာပါ။
စစ်ကောင်စီ တပ်သားတွေကလည်း မြို့ပြသပိတ်တွေကို ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးတာ ကြောင့် လူသေဆုံးမှု ရှိခဲ့သလို သပိတ်မှာ ပါဝင်တဲ့သူတွေကို အရင်လတွေထက် ပိုပြီး ပိုက်စိပ်တိုက် ဖမ်းဆီးလာတယ်လို့ ရန်ကုန်မြို့က မြို့ပြသပိတ်တွေမှာ ပါဝင်နေကြတဲ့ လူငယ်တွေက ပြောပါတယ်။
စစ်ကောင်စီဟာ လူငယ်တွေကို ထောင်ချောက်ဆင်ပြီး ဖမ်းတဲ့နည်းတွေကို ပိုအသုံးပြု လာတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရွှေပြည်သာမြို့နယ်က လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
“ဖေဖော်ဝါရီလ ထဲကနေ အခုလက်ရှိ အချိန်ထိ ကွင်းဆက်တွေ လိုက်ပြီးတော့ တောက်လျှောက်ကို ဖမ်းနေတော့တာ။ ဖမ်းမိတဲ့ လူတစ်ယောက် ပါသွားပြီဆိုတာနဲ့ သူ့ကွင်းဆက်ကနေ လိုက်ပြီးတော့ ဖမ်းတာဗျ။ တောက်လျှောက်နီးနီး ပါတယ် ပေါ့နော်။ ဒီတစ်ယောက် မိသွားတယ်ဆိုလို့ရှိရင် အဲဒီတစ်ယောက်ကနေ ဖုန်းရသွားတယ် ဆိုပါစို့၊ ဖုန်းကနေပြီးတော့ ဆက်သွယ်လိုက်တယ်။ ပြီးရင် သူနဲ့ အနီးပတ်ဝန်းကျင်ပေါ့။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လူငယ်တွေကို ဖမ်းတယ်”
ဒါ့အပြင် ဖေ့စ်ဘွတ်ခ်မှာ စစ်ကောင်စီကို ဆန့်ကျင်သူအဖြစ် ပရိုဖိုင်းတင်ပြီး ငွေလှူဖို့ ဆက်သွယ်တာ၊ အပြင်မှာတွေ့ဖို့ ချိန်းတာ၊ ဖမ်းဆီးခံရတဲ့ လူငယ်တွေ ပြန်လွတ်လာပြီ ဆိုပြီး လာဆက်သွယ်တာ စတဲ့ နည်းတွေကိုလည်း အသုံးပြုတာကို တွေ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အချို့က ပြောပါတယ်။
ရွှေပြည်သာ မြို့နယ်ထဲမှာဆိုရင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၂၀ ရက်ထိ သုံးရက် အတွင်းမှာ လူငယ် ၁၇ ယောက်အထိ ဆက်တိုက်ဖမ်းဆီးခံခဲ့ရတာပါ။
စစ်ကောင်စီဟာ ဖမ်းမိတဲ့သူရဲ့ ဖုန်းကို အသုံးပြုပြီး မျှားခေါ်တဲ့ နည်းလမ်းကိုလည်း အသုံးပြုလာတာကြောင့် နောက်ပိုင်းမှာ ပိုသတိထားလာရတယ်လို့ ရန်ကုန်မြို့ပြ သပိတ်တွေမှာ ပါဝင်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်က သပိတ်လူငယ်တွေကို ဖမ်းဆီးမိတဲ့အခါမှာ ကွင်းဆက်လိုက်တဲ့ ပုံစံမျိုးတို့၊ ပြီးတော့ ဖမ်းမိတဲ့သူရဲ့ ဖုန်းနဲ့ ထပ်ဖမ်းဖို့အတွက် မျှားခေါ်တဲ့ပုံစံမျိုးတွေ၊ နည်းလမ်းတွေ သုံးလာတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဘယ်လိုလဲဆိုတော့ သူတို့ တွေက ဖမ်းမိသွားတယ် ဆိုပေမယ့်လည်း လွတ်သွားတယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ဟန်ဆောင်ပြီးတော့ သပိတ်အဖွဲ့ထဲက လူအချင်းချင်းကို အဆက်အသွယ် ပြန်လုပ် ခိုင်းတဲ့ အခါကျတော့ သပိတ်က ရဲဘော်ရဲဘက်တွေ အကုန်လုံးကလည်း နောက်ပိုင်းမှာ ပိုပြီးတော့ သတိထားလာ ကြပါတယ်။ အတတ်နိုင်ဆုံးလည်း ဘယ်သူမှ မမိအောင် ကြိုးစားပြီးတော့လည်း သပိတ်တွေကို ထွက်နေပါတယ်”
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်တွေရဲ့ မြို့ပြ သပိတ်အပြီး လူစုခွဲပြန်သွားကြတဲ့အချိန် ကားနဲ့ နောက်ယောင်ခံ လိုက်ပြီး လူငယ် တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း ပစ်ခတ်ဖမ်းဆီးတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
"ဖမ်းမိတဲ့ လူတစ်ယောက် ပါသွားပြီဆိုတာနဲ့ သူ့ကွင်းဆက်ကနေ လိုက်ပြီးတော့ ဖမ်းတာဗျ"
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မရမ်းကုန်း ၃ ရပ်ကွက်က နေအိမ်တစ်လုံးကို စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ရာမှာ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး အဖမ်းခံခဲ့ ရတယ်လို့ ရန်ကုန်မြို့ သပိတ်အင်အားစုတွေက ပြောပါတယ်။ သေဆုံးတဲ့လူငယ် ဘယ်သူ ဆိုတာ နာမည်နဲ့ အသက်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ မရမ်းကုန်းမြို့ထဲမှာ နောက်ထပ် အမျိုးသမီး ငါးဦး ထပ်ဖမ်းခံ ခဲ့ရတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ သပိတ်ပုံသဏ္ဌာန်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒပြပွဲတွေ အားကောင်း နေတဲ့အပေါ် စစ်ကောင်စီကလည်း အမျိုးမျိုး ဖိနှိပ်ဖို့ ကြိုးစား လာတာကြောင့် အထိအခိုက် အဖမ်းအဆီးတွေ ပိုများလာရတာလို့ လူငယ် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တက္ကသိုလ် ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
“မရမ်းကုန်းက သပိတ်ရဲဘော်တွေ သပိတ်ကို အင်မတန် အားကောင်းမောင်းသန် လှုပ်ရှားနေကြတဲ့ သပိတ်အဖွဲ့အစည်းက ရဲဘော်တွေပါပဲ။ ရန်ကင်းမှာ သပိတ် စစ်ကြောင်း ထွက်ရင်းနဲ့ အဖမ်းအဆီးခံရတယ်။ ဆိုတော့ အဲဒီလိုမျိုးတော့ ဒါအနီးစပ်ဆုံး ဖြစ်စဉ်တွေပေါ့လေ။ ဒီကြားထဲမှာလည်း ဖမ်းဆီးခံရမှုတွေက ပုံသဏ္ဌာန်အမျိုးမျိုး၊ ဖြစ်စဉ်အမျိုးမျိုးနဲ့တော့ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်ကလည်း ကျွန်တော်တို့ရဲ့ သပိတ်အင်အားစု အသီးသီးက ရန်ကုန်မြို့မှာ သပိတ်ပုံသဏ္ဌာန်ပေါင်းစုံ၊ နည်းနာပေါင်းစုံနဲ့ အင်မတန် အားကောင်းမောင်းသန် လူထုလှုပ်ရှားမှုတွေ ဖော်ဆောင်ဖို့၊ သပိတ်လှုပ်ရှားမှုတွေ အားကောင်းဖို့တွက် ဆောင်ရွက်နေကြချိန်မှာ တစ်ဖက်ကလည်း ဒီအနေအထားတွေ အပေါ်မှာ ဖိနှိပ်ဖို့အတွက် ကြိုးစားလာတယ်လို့ မြင်တယ်။ ဒါကြောင့် ဒီနှစ်ခု အားပြိုင်မှုမှာ ကျွန်တော်တို့ ရဲဘော်တွေလည်း အထိအခိုက် အဖမ်းအဆီးတွေ ရှိနေတယ်လို့ ကျွန်တော်တို့ မြင်တယ်”

စစ်ကောင်စီဘက်က မြို့ပြသပိတ် ဆင်နွှဲတဲ့သူတွေကို နည်လမ်းပေါင်းစုံနဲ့ ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် သပိတ်အင်အားစုတွေဟာ အရင်ကထက် စောင့်ကြည့်ကင်မရာ (CCTV) တွေကို ပိုပြီး ရှောင်တိမ်း ရတာတွေအပြင် အရပ်ဝတ်တွေနဲ့ စောင့်ကြည့်တာ၊ စစ်တပ်နဲ့ ရဲက အိမ်စီးကား အသုံးပြု ကင်းလှည့်တဲ့ အခြေအနေတွေကိုပါ ပိုသတိထား လာရတယ်လို့ ရန်ကုန်သပိတ် အင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို ဖမ်းဆီးတာတွေဟာ တည်ငြိမ်မှုရအောင် ဆောင်ရွက်နေတာလို့ အကြောင်းပြ ပါတယ်။
“ကျွန်တော်တို့ ဆောင်ရွက်နေတာသည် တစ်နိုင်ငံလုံးမှာ တည်ငြိမ်မှု ပြန်လည်ရရှိရေး အတွက် ဦးစားပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အများအားဖြင့် ဖမ်းဆီးတာသည် အကြမ်းဖက်နဲ့ ဆက်စပ်နေတဲ့ သူတွေ၊ ဗုံးထောင်၊ ဗုံးခွဲလုပ်ခဲ့တဲ့သူတွေ၊ သူတို့နဲ့ ဆက်စပ်တဲ့သူတွေရဲ့ ဖော်ထုတ်ချက်အရ ဖမ်းဆီးမှုများရှိတယ် ဆိုတာကို ပြောချင်ပါတယ်”
ဆန္ဒပြသပိတ်တွေကို စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွဲဖမ်းဆီးမှုတွေ ရှိနေတာ ကြောင့် သပိတ်မှာပါဝင်တဲ့ လူငယ်တွေဟာ အသက်ကိုစွန့်ပြီး လုပ်ဆောင်လာကြ ရတယ်လို့ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များ သပိတ်ကော်မတီ (PBYSC) အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သပိတ်ထွက်တယ်ဆိုတာက မြေပြင်ကို ခြေချလိုက်ပြီဆိုတာနဲ့ ကိုယ့်အသက်က မသေချာ မရေရာတဲ့ အနေအထားမျိုးဖြစ်သွားပြီလေ။ အိမ်ကိုလည်း ပြန်ရောက်ချင်မှ ရောက်နိုင်တော့မယ်။ တစ်သက်လုံး ပြန်မလာနိုင်တဲ့ လမ်းလည်း ဖြစ်ချင် ဖြစ်သွား နိုင်တယ်။ ဒါမှမဟုတ် အဖမ်းခံရတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဘယ်လို အနေ အထားတွေ ကြုံတွေ့ရမယ်ဆိုတာ မသိတဲ့ အနေအထားမှာကို သပိတ်တွေက ဆက်ပြီးတော့ လူငယ်တွေ စုပေါင်းပြီး ထွက်နေရတယ်ဆိုတာက လူထုတွေရဲ့ ကြားထဲမှာ တော်လှန်ရေးစိတ်ဓာတ်ကို အမြဲတမ်း ပူနွေးနေအောင် လှုံ့ဆော်ပေးနေတဲ့ သဘောမျိုးပါပဲ”
ဒါပေမဲ့ ဇွဲမလျှော့ဘဲ တတ်နိုင်တဲ့ဘက်ကနေ ရှိသမျှအားကုန်သုံးပြီး မြို့ပြသပိတ်တွေကို ဆက်လက် ဆင်နွှဲသွားမယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီက နည်းလမ်းပေါင်းစုံ သုံးပြီး ဖမ်းဆီးခံရတဲ့ လူကြီး၊ လူငယ် ၈၅ ဦးဟာ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ လှိုင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်းကုန်းနဲ့ ရန်ကင်းမြို့နယ်တွေက ဖြစ်ကြပါတယ်။ ဒါဟာ RFA က လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ စာရင်းတွေသာဖြစ်ပြီး လက်တွေ့မှာ ဒီထက် အရေအတွက် ပိုများနိုင်ပါတယ်။