ဦးသန့်နဲ့ အလုပ်သမားအရေးအခင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်ကျင်းပ
2014.06.06

၁၉၇၄ ၊ ၇၅ နဲ့ ၇၆ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်း သားလှုပ်ရှားမှုနဲ့ အလုပ်သမား အရေးအခင်းမှာ ပါဝင် ခဲ့သူတွေက ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ပါ တယ်။
ဒီနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုကိုကြီးက လက်ရှိ မြန်မာနိုင်ငံရဲ့ အလုပ်သမားထု ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကို အလုပ်သမားတွေ ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့ အခြေအနေ အထိရောက်အောင် ကြိုးပမ်းကြရမှာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။
"ကျနော်တို့ ဒီနေ့ အလုပ်သမား ပြဿနာကို ဖြေရှင်းတော့ မယ်၊ အလုပ်သမားဘဝကို မြှင့်တင်တော့မယ်ဆိုရင် ကျနော်တို့ဟာ ဟိုတုန်းက မတရားမှုကို ဆန့်ကျင်တယ် ဆိုတဲ့ ရဲစွမ်းသတ္တိတင်မကတော့ပဲနဲ့ အလုပ်သမားတွေ ကို စွမ်းရည်မြှင့်တင်ပေးနိုင်တဲ့ သူတို့ပြဿနာကို သူတို့ ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့အဆင့်ရောက်အောင် ကျနော်တို့တွေကဝိုင်းပြီးတော့ သူတို့ရဲ့စွမ်းရည်တွေ မြှင့်တင်တဲ့ ကိစ္စတွေ လုပ်ပေးရမှာပါ"
လွန်ခဲ့တဲ့ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ ဦးသန့်အရေးအခင်း ဖြစ်ခဲ့သလို ၁၉၇၄ မေလနဲ့ ဇွန်လအတွင်းမှာလည်း တစ်နိုင်ငံလုံးမှာ ဆန်ရှားပါးမှုပြဿနာ ရင်ဆိုင်ခဲ့ရတာကြောင့် စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေဟာ ဆန်အလုံအလောက်ရရှိရေး၊ လုပ်ငန်းခွင်ဘ၀ လုံခြုံသာယာရေးနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့ ကျောင်းသား အလုပ်သမား လှုပ်ရှားမှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်က ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ကျောင်းသား၊ အလုပ်သမားတွေရဲ့ တောင်းဆိုဆန္ဒပြမှုတွေကို လက်နက်နဲ့ ဖြေရှင်းခဲ့ပါတယ်။
ဒီအကြောင်းအသေးစိတ်ကို RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။