မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့ အတွင်း စစ်အုပ်စုရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ပေါင်း ၇၃ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့ရတဲ့ ကလေးတွေဟာ ယောက်ျားလေး ၆၃ ဦးနဲ့ မိန်းကလေး ၉ ဦး၊ ကျား/မ မသေချာသူ ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ လမ်းပေါ်မှာ ဆန္ဒဖော်ထုတ်ရင်း ပစ်သတ်ခံရတာ၊ နေအိမ်ထဲ ဝင်ရောက်သတ်ဖြတ်ခံရတာနဲ့ တချို့ ကလေးတွေဟာ အိမ်ပြင်မှာ ကစားနေရင်း သေနတ်ထိမှန် သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီစာရင်းတွေထဲမှာ မင်းတပ်၊ ကနီ၊ ဒီးမော့ဆို စတဲ့ဒေသတွေက သေဆုံးစာရင်းတွေ မပါဝင်သေးတာကြောင့် ဆက်လက်ပြုစုနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ သူတို့နဲ့ဆက်စပ်နေတဲ့အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး ဒီနေ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။