၂၂.၂.၂၀၂၂ တစ်ရက်တည်း လူ ၆၀ ကျော် အဖမ်းခံရပြီး၂၉ ယောက် ပြန်လွတ်

2022.02.23
၂၂.၂.၂၀၂၂ တစ်ရက်တည်း လူ ၆၀ ကျော် အဖမ်းခံရပြီး၂၉ ယောက် ပြန်လွတ် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ၂၀၂၂ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး "ပြန်လည်စုရုံး နှစ်ခြောက်လုံး" လူထုလှုပ်ရှားမှုပြုလုပ်ကြစဉ်။
Photo: Democracy Movement Strike Committee-Dawei

ပြန်လည်စုရုံး ၂ ခြောက်လုံးခေါင်းစဉ်နဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ လုပ်ဖို့ နှိုးဆော်ထားတဲ့ ဖေဖော်ဝါရီလ ၂၂ ရက် မနေ့က တစ်ရက်တည်းမှာတင် စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းက လူ ၆၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၂၉ ယောက် အဲဒီနေ့ ညပိုင်းမှာ ပြန်လွတ်လာပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ ၂ ခြောက်လုံးစုံတဲ့ ထူးခြားတဲ့နေ့ ဖြစ်တာ ကြောင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်း အတွင်းက မြို့နယ်တွေမှာ ပြန်လည်စုရုံး နှစ်ခြောက်လုံးဆိုတဲ့ ခေါင်းစဉ်နဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပြီး တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သဗျာရွာက ၃၄ ဦး၊ စစ်ကိုင်းတိုင်း မုံရွာမြို့က ၂၇ ဦး စုစုပေါင်း ၆၁ ဦး တစ်ရက်တည်း အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက်ပိုင်းမှာ အဖမ်းခံလိုက်ရတဲ့ လောင်းလုံးမြို့နယ် သဗျာရွာက ၃၄ ယောက်အနက် ညပိုင်းမှာ ၂၉ ယောက် ပြန်လွတ်လာပြီး ကျန် ငါးယောက် ကတော့ အခုချိန်ထိ အဖမ်း ခံထားရဆဲလို့ ဆိုပါတယ်။

၂ ခြောက်လုံး စုံတဲ့နေ့မှာ စည်ကားသပိတ်အဖြစ် ပြည်သူတွေ ဦးထုပ်ဆောင်းတာ၊ သနပ်ခါးလိမ်းတာ၊ လက်ထဲမှာ ပန်းပွင့်တွေ ကိုင်ထားတာ၊ လက်သုံးချောင်းထောင် ကြွေးကြော်တာ၊ ည ၈ နာရီမှာ သံပုံးတီးတာ စတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေလုပ်ကြဖို့ သပိတ်ဦးဆောင် ကော်မတီတွေက အွန်လိုင်းကနေ ကြိုတင်နှိုးဆော်ထားတာပါ။

အဲဒီနေ့မှာပဲ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဗျာရွာက မွေးနေ့ပွဲ ကျင်းပနေတဲ့ ဆိုင်တစ်ဆိုင်ကို ရဲကားနဲ့ အချုပ်ကားတွေ ရုတ်တရက် ရောက်လာပြီး လူငယ် ၃၄ ယောက်ကို ဖမ်းသွားခဲ့တယ်လို့ ထား၀ယ်ခရိုင် သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

"မနေ့က နေ့လယ် တစ်နာရီခွဲလောက်မှာ အုပ်စုထဲက သူငယ်ချင်း တစ်ယောက်က သဗျာရွာက စားသောက်ဆိုင်မှာ မွေးနေ့ပွဲ သွားလုပ်တာ။ လုပ်နေတဲ့အချိန်မှာပဲ ရဲကားနဲ့ အချုပ်ကားနဲ့ လာဖမ်းသွားတာ။ အကုန်လုံးက အသက် ၁၈ နှစ်အရွယ်လေးတွေပဲ ရှိအုံးမယ်။ အကုန်လုံးက ဆန္ဒပြတဲ့ သူတွေလည်း မဟုတ်သလို ဆန္ဒပြဖို့ လူစုနေတဲ့ သူတွေလည်း မဟုတ်ဘူး။ အဲဒီလိုမျိုး အပြင်ထွက်ပြီး မွေးနေ့ပွဲလုပ်တာတောင် ဖမ်းတယ်ဆိုတာက သူတို့ကိုဆန့်ကျင်တာကို ကြောက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ"

မနေ့က ညပိုင်းမှာတော့ အဖမ်းခံရသူ ၃၄ ယောက်ထဲက ၂၉ ယောက်ကို ပြန်လွှတ်ပေး လိုက်ပြီး မွေးနေ့ပွဲမှာ အင်္ကျီအနက်ရောင်ဝတ်၊ သနပ်ခါးလူးထားတဲ့ လူငယ် ငါးယောက်ကို ဆက်ဖမ်းထားဆဲလို့ ထား၀ယ်ခရိုင် သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ ၂၉ ယောက်ကိုလည်း ဒီနေ့မနက် လောင်းလုံးရဲစခန်းက ဆင့်ခေါ်ပြီး နောက်နောင် နိုင်ငံရေးမလုပ်ပါဘူးဆိုတဲ့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ခုခံမှုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ PDF နဲ့ ဆက်စပ် တယ်၊ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနေ့က တစ်ရက်တည်း လူ ၂၇ ယောက် အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကိုယ့်ကိုယ်ကိုယ် လွတ်အောင် ဘယ်လိုနေလို့ နေရမလဲဆိုတာနဲ့ ကျီးလန့်စားစား ဘ၀တွေနဲ့ နေနေရတယ်"

မနေ့က အဖမ်းခံရသူ ၂၇ ယောက်ထဲက အမျိုးသားတချို့ အပြင်းအထန် နှိပ်စက်ညှဉ်းပန်း ခံရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒေသတွင်း သတင်းတွေမှာ ၂၇ ယောက် အဖမ်းခံရတယ်လို့ ရေးထားတယ်။ ဖမ်းခံရတဲ့ သူတွေရဲ့ ပုံတွေရော တက်လာတယ်။ ပြန်လွတ်လာတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပြောပုံအရဆိုရင် မိန်းကလေးတွေက နှိပ်စက်ခံရတာ နည်းတယ်။ ယောင်္ကျားလေးတွေ ဆိုရင်တော့ တော်တော်များများကို ရိုက်နှက်ခံရတယ်။ ရိုက်နှက်ခံရတဲ့သူတွေ ဘ၀၊ အဲဒီထဲရောက်သွားတဲ့ သူတွေရဲ့ဘ၀က သေလမ်းနဲ့ ရှင်လမ်းဆို သေလမ်းက များတယ်။ ဒီလိုပဲ ဆက်ပြီးနှိပ်စက် နေကြအုံးမှာပဲ။ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် ဘယ်လိုနေလို့ နေရမလဲဆိုတာနဲ့ ကျီးလန့်စားစား ဘ၀တွေနဲ့ နေနေရတယ်"

အွန်လိုင်းပေါ် တက်လာတဲ့ မုံရွာမြို့က ဓာတ်ပုံတွေထဲမှာလည်း အဖမ်းခံထားရတဲ့ လူငယ် တစ်ဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရထားသလို မျက်နှာတစ်ခုလုံးမှာ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံထားရတာကို မြင်တွေ့ရပါတယ်။

monywa-arrested
(မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၂ ခြောက်လုံးနေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရသူများကို တွေ့ရစဉ်) Photo: People Media telegram

စစ်တပ်နဲ့နီးစပ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မီဒီယာလို့ လူသိများတဲ့ People Media သတင်းမှာတော့ မနေ့က တစ်ရက်တည်း မုံရွာမြို့ကနေ PDF အဖွဲ့ဝင် ရှစ်ဦး၊ ငွေကြေး ထောက်ပံ့သူ ၁၀ ဦးနဲ့ PDF တွေကို သတင်းပေးသူ ကိုးဦး စုစုပေါင်း ၂၇ ဦးကို ဖမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က တစ်ရက်တည်း လူ ၆၀ ကျော် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အားကောင်းတဲ့ လုပ်ရပ် တစ်ခုဖြစ်တာကြောင့် လူငယ်တွေ အဖမ်းမခံရအောင် ပိုပြီး သတိရှိစေချင်တယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက ကိုဇေယျာလွင် က ပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနဲ့ အာခံတာပေါ့။ ဒါကတော့ တကယ့် တော်လှန်ရေး တစ်ခုရဲ့ မျက်နှာစာ လှုပ်ရှားမှုတွေ ပေါ့နော်။ အဲဒီ လှုပ်ရှားမှုတွေ ကနေ အားကောင်းလှတဲ့ လူငယ်တွေက အများကြီး ပါနေကြတယ်။ အဲဒီ လမ်းကြောင်းကို ရွေးထားတဲ့ သူတွေ အနေနဲ့ ပိုပြီးသတိရှိဖို့ လိုတယ်လို့ ပြောချင်တယ်။ စစ်ကောင်စီက ဆန္ဒပြမှ မဟုတ်ဘူး။ မပြဘဲနဲ့လည်း ဖမ်းနေတာပဲ။ ကိုယ့်အိမ်ကိုယ် နေတဲ့သူလည်း ဖမ်းတာပဲ။ စစ်အာဏာရှင်အောက် ရောက်နေသမျှ ဒီလိုမျိုး ကြုံတွေ့နေရမှာပဲ"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၂၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း အဖမ်းခံရသူ စုစုပေါင်း ၁၂,၂၈၉ ယောက် ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။