ပအိုဝ်းဒေသမှာ တိုက်ပွဲ နှစ်လအတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး

RFA Burmese
2024.03.26
ပအိုဝ်းဒေသမှာ တိုက်ပွဲ နှစ်လအတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာအား စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဗုံကြဲတိုက်ခိုက်ခဲ့စဉ်။
PNLA

Updated 1:31 PM Mar 27, 2024

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တို့အကြား တိုက်ပွဲနှစ်လအတွင်း ပအိုဝ်းဒေသမှာ အရပ်သား ၅၃ ဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က သတင်းထုတ်ပြန်ပါတယ်။

နောက်ထပ် အရပ်သား ၆၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PYO ရဲ့ မတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ပွဲအတွင်း အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူ နန်းက ပြောပါတယ်။

"စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ကျွန်မတို့ သွားတွေ့ရတယ်။ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကို မဖြစ်မနေ ရှောင်ရှားရမှာဖြစ်ပါတယ်။ စစ်ရေးပစ်မှတ်သတ်မှတ်တဲ့နေရာမှာ အရပ်သားထိခိုက်မှု နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်"

စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သားတွေ ဘေးကင်းလုံခြုံဖို့ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်း၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်ကစလို့ စစ်ကောင်စီနဲ့ PNLA တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အရပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် သေဆုံးထိခိုက်ခဲ့တာလို့ PYO က ဆိုပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ မတ်လ ၂၃ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၄၄၄ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၂၂၅၂ ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးရသူဟာ ၃၁ ဦးအထိရှိပါတယ်။

ဒီအပြင် ဒီနှစ်လအတွင်း အဆောက်အအုံ ငါးရာနီးပါး (၄၉၁လုံး) ပျက်စီးခဲ့တဲ့အပြင် အရပ်သား တစ်သိန်းကျော် (၁၀၄၉၀၀) အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

PNLA ဥက္ကဋ္ဌ ခွန်သူရိန်ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု သုံးနှစ်နီးပါးပြုလုပ်ခဲ့ပေမယ့် အလုပ်မဖြစ်တာကြောင့် သွေးထွက်သံယိုမှုများတဲ့ လက်နက်ကိုင်ခုခံမှုကို ရွေးချယ်လိုက်ရတယ်လို့ မတ်လ ၂၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။