မြိုင်မှာ တိုက်ပွဲဖြစ်ပြီးနောက် တိုက်ပွဲအနီး သာစည်ရွာက နေအိမ်ငါးဆယ်ကျော် မီးရှို့ခံရ
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သာစည်ရွာက နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
-
RFA Burmese
2023-12-17 -
-
-
မကွေးတိုင်း၊ မြိုင်မြို့နယ် သာစည်ရွာအနီးမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သာစည်ရွာက နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိုင်ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်း တွင်းမရွာကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ငါးဆယ်ခန့်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သာစည်ရွာအရှေ့ဘက် ရန်အောင်မြေဘုရားကုန်းမှာ တစ်နာရီအကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ပြန်ဆုတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်း အဖွဲ့တွေက သာစည်ရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်ဆုတ်သွားတဲ့အချိန် သာစည်ရွာကနီးတော့ အဲဒီရွာထဲဝင်ပြီး မီးရှို့ခဲ့တာ။ သူတို့ဘက်က အထိနာလို့ထင်ပါတယ်။ ရွာခံတွေကတော့ အဲဒီရွာမှာ မနေကြတာကြာပြီ။ အရင်ကတည်းက ရှောင်နေကြတာ၊ တွင်းမရွာနဲ့နီးတော့ လက်နက်ကြီးတွေနဲ့ ခဏခဏပစ်တော့ မနေရဲကြတာ”
သာစည်ရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လကလည်း နေအိမ်နှစ်ဆယ်နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ခုနစ်ဦးခန့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်ထဲကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကြောင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေး လုပ်လာတာလို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ စစ်ရေးအခြေအနေတွေအပေါ် သူ့အနေနဲ့ ဖြေဖို့အဆင်မပြေကြောင်းနဲ့ ပြည်ထောင်စုအဆင့် သတင်းထုတ်ပြန်မှုတွေကိုပဲ အတည်ပြုရေးသားဖို့သာ တုံ့ပြန်ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmarရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ခုခံစစ် ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၇,၅၀၃ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။