တန့်ဆည်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ငါးထောင်ဝန်းကျင် ထွက်ပြေးရ

RFA Burmese
2023.04.11
တန့်ဆည်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ငါးထောင်ဝန်းကျင် ထွက်ပြေးရ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာကို အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်း ဧပြီလ ၁၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ချောင်းရိုးရွာအပါအဝင် နီးစပ်ရာ ရွာခုနစ်ရွာက ဒေသခံ ငါးထောင်ဝန်းကျင် အိုးအိမ်စွန့်စွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းရိုး၊ တနယ်၊ ကျွဲဆွဲ၊ ခပေါင်းကြိုင်၊ ရွှေတကျေး၊ ဒယ်ရောက်နဲ့ ဖန်းခါးဇင်ရွာတွေက အိမ်ထောင်စု ၁၅၀၀ ဝန်းကျင် ထွက်ပြေးနေရတာပါ။

ချောင်းရိုးရွာမှာ လက်နက်လုပ်နေတယ်လို့ သတင်းပေးသူရှိတာကြောင့် စစ်ကြောင်းက ရုတ်တရက် ဝင်ရောက်စီးနင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရွာထဲမှာလက်နက်လုပ်တယ်ဆိုပြီး သတင်းပေးတဲ့သူရှိလို့ ရုတ်တရက် ဝင်စီးတာ။ လက်နက် နည်းနည်းပါးပါး တွေ့သွားတယ်"

ချောင်းရိုးရွာက နေအိမ်သုံးလုံးအပြင် ရွာချင်းကပ်နေတဲ့ တနယ်ရွာက နေအိမ်တစ်လုံး ကိုလည်း စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာတော့ ချောင်းရိုးရွာကနေ ပြန်ထွက် သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေထွက်ပြေးနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကိုင်းတိုင်း စစ်ကောင်စီထံ RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။