ခင်ဦးမြို့နယ် ဗအိုးရွာသား ၅၀ ခန့် ထိန်းသိမ်းခံထားရကြောင်း ဒေသခံတွေပြော

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဗအိုးကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ဒီနေ့ မနက် စတင်ဝင်ရောက်လာပြီးနောက် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် လူ ၅၀ ခန့် ရွာထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အား ၆၀ ခန့်ပါဝင်ပြီး ဒီနေ့မနက် ၃ နာရီလောက်ကတည်းက ရွာကို ဝင်ရောက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က ရဲတွေ သတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့တော့ ရွာတွေကို စစ်ကြောင်းထိုးနေတာနေမှာ။ ဗအိုးက အမျိုးသားတွေက ရှောင်လိုက်နိုင်တယ်။ မပြေးနိုင်တဲ့ အမျိုးသမီးတွေနဲ့ ကလေး တချို့ပဲ ကျန်ခဲ့တာကို ဖမ်းခံထားရတယ်။ အခုက ရွာကိုလည်း ကပ်လို့မရသေးသလို အဆက်အသွယ်တွေလည်း ပြတ်နေတယ်။ စစ်သားတွေ အခုထိ ရွာမှာရှိသေးတယ်"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဗအိုးရွာဟာ မနေ့က ရဲတွေသတ်ဖြတ်ခံခဲ့ရတဲ့ ကံသစ်ရွာရဲ့ မြောက်ဘက်မှာရှိပြီး ရွာချင်းနီးကပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ကံသစ်၊ ဂျပို့၊ ဗအိုး၊ စည်ပုတ္တရာ၊ ပေါက်ပင့်တုံ စတဲ့ကျေးရွာတွေက ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ဒီနေ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။