ဒေသလေးခုမှာ လေးလအတွင်း အရပ်သား ငါးရာနီးပါး သေဆုံး

RFA Burmese
2023.10.23
ဒေသလေးခုမှာ လေးလအတွင်း အရပ်သား ငါးရာနီးပါး သေဆုံး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခံရသည့် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ညောင်ဝန်းရွာမက ကိုအောင်ဇော်ဝင်းအား တွေ့ရစဉ်။
Citizen Journalist

စစ်ရာဇဝတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန်တိုင်းမှာ ၂၀၂၃ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း အရပ်သား ၄၇၃ ဦး သေဆုံးခဲ့ကြောင်း ပဥ္စမဏ္ဍိုင်အဖွဲ့ (PMCSG) က အောက်တိုဘာ ၂၃ ရက် ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၄၃၅ ဦးနဲ့ အမျိုးသမီး ၃၈ ဦး ပါဝင်ပြီး၊ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး ၂၉ ဦးနဲ့ မိန်းကလေး နှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလေးလအတွင်း လူ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဖြစ်ရပ် ၁၁ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ ခြောက်ခုနဲ့ ချင်းပြည်နယ်မှာ ငါးခုဖြစ်ပြီး အမျိုးသား ၁၆၃ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို တိုင်းနဲ့ပြည်နယ် လေးခုအတွင်း မှတ်တမ်းကောက်ယူတဲ့အခါ စစ်ကောင်စီတပ်က ၄၀၅ ကြိမ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အကြိမ် ၈၀ နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုက ၄၄ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ကျူးလွန်ခဲ့တဲ့ ၄၀၅ ကြိမ်မှာ အရပ်သားပစ်မှတ် ၃၄၄ ကြိမ်နဲ့ စစ်ရေးပစ်မှတ် ၆၁ ကြိမ်ရှိပြီး စစ်ရာဇဝတ်မှု ၂၀၅ ကြိမ်၊ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၂ ကြိမ်၊ ရာဇဝတ်မှု ၂၇ ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ပဥ္စမဏ္ဍိုင်အဖွဲ့ဟာ ဒီအစီရင်ခံစာကို မြေပြင်ကွင်းဆင်းပြီး သတင်းအချက်အလက် ကောက်ယူတာ၊ ယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ အချက်အလက်တွေကို ကိုးကားတာ၊ ပြစ်မှုကျုးလွန်ခံရသူတွေရဲ့ မိသားစုတွေကို အွန်လိုင်း ဒါမှမဟုတ် ဖုန်းနဲ့ကိုယ်တိုင် ဆက်သွယ်မေးမြန်းပြီးမှ ပြုစုခဲ့တာလို့ ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုထားတာ မရှိပါဘူး။ စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနှစ်ကြိမ်‌ ခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။