တရုတ်ရောက် မြန်မာအလုပ်သမား ၄၀ ခန့် ထိန်းသိမ်းခံထားရ

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021.08.31
တရုတ်ရောက် မြန်မာအလုပ်သမား ၄၀ ခန့် ထိန်းသိမ်းခံထားရ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နန်းရှီးစက်ရုံက မြန်မာအလုပ်သမားများကို တွေ့ရစဥ်
Photo: Citizen Journalist

တရုတ်နိုင်ငံ၊ ဆန်တုံးပြည်နယ်၊ ဝမ်တင်မြို့မှာရှိတဲ့ နန်းရှီး စက်ရုံမှာ လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးဟာ အချိန် လေးလကျော်ကြာ လုပ်ခလစာ မပေးဘဲ အဓမ္မ အလုပ်ခိုင်းစေ ခံနေရတာကို ဘေဂျင်းမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် အလုပ်သမား ၄၀ လောက်ဟာ ဒီနေ့အထိ တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတယ်လို့ သံရုံးကို တိုင်ကြားခဲ့တဲ့ ကိုဖိုးထောင်က RFA ကို ပြောပါတယ်။ ကိုဖိုးထောင်ဆိုတာ လုံခြုံရေးအရ သူ့ရဲ့ နာမည်အရင်း တော့ မဟုတ်ပါဘူး။

နန်းရှီးစက်ရုံမှာ ဧပြီလကစလို့ မြန်မာအလုပ်သမား ၁၀၀ နီးပါးဟာ လုပ်အားခလစာ မပေးဘဲ ခိုင်းစေခံနေရ ပြီးနောက် ဇွန်လဆန်းပိုင်းလောက်မှာ ဒေသအခြေစိုက် တရုတ်ရဲတွေက စက်ရုံကို ဝင်ရောက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအလုပ်သမားတွေကို နယ်စပ်ကို ပြန်မပို့ဘဲ အဲဒီစက်ရုံမှာပဲ ဆက်ပြီး ခိုင်းစေခဲ့တယ် လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီအထဲက အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုအောင်မြတ်မင်းက ဝမ်တင်မြို့မှာရှိတဲ့ သူ့ရဲ့ ညီဖြစ်သူကို ဖုန်းနဲ့ ခိုးဝှက်ဆက်ပြောဆိုခဲ့တဲ့အတွက် ဘေဂျင်းမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းမှာတော့ အဲဒီစက်ရုံကို တရုတ်ရဲ ၆၀ လောက်နဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး သူ့ရဲ့အစ်ကို ဖြစ်သူ ကိုအောင်မြတ်မင်း အပါအဝင် မြန်မာအလုပ်သမား လေးဆယ်လောက် ဖမ်းဆီးခံခဲ့ရတာလို့ ကိုဖိုးထောင်က ပြောပါတယ်။

"ကုမ္ပဏီက သူတို့သိတဲ့ ရဲကို ပိုက်ဆံပေးပြီးတော့ မကောင်းကြံလိုက်တာပေါ့ဗျာ။ မြန်မာအလုပ်သမားတွေ ကို လစာလည်း သုံးလစာ မရှင်းပေးဘဲ အဲလိုလုပ်လိုက်တာပေါ့ဗျာ။ နောက်ပိုင်းမှ ရဲက အတုမှန်းသိတော့ အလုပ်ရှင်နဲ့ ပေါင်းထားတဲ့ ရဲမှန်းသိတော့ ကျွန်တော့် အစ်ကိုက ပြောလာတာလေ။ မြန်မာသံရုံးကို လှမ်းအကြောင်းကြားပေးဦးတဲ့။ အဲဒါ ကျနော်လည်း သူတို့ဖွက်ထားတဲ့ ဖုန်းတစ်လုံး ရှိတယ်လေ။ ဖွက်ထားတဲ့ ဖုန်းတစ်လုံးနဲ့ ဆက်လာလို့ သံရုံးကို ဆက်သွယ်ပြီး ချိတ်ပေးလိုက်တာ။ အဲကျမှ တကယ် ရဲအစစ် ဖြစ်သွားတာ။ ဒါတောင် သူတို့ကုမ္ပဏီနဲ့ ပိုင်တဲ့ ရဲ ပါတယ်ထင်တယ်။ ကျွန်တော့်အစ်ကိုကို သူ့သူငယ်ချင်းတွေနဲ့လည်း ပေးမတွေ့ဘူး။ စားဖိုဆောင်မှာ လက်ထိပ်ခတ်ပြီး လေးရက်လောက် ပစ်ထားတာ။ ကျွန်တော်တိုင်တဲ့ ကုမ္ပဏီကလည်း ကျွန်တော့်ကို လိုက်ရှာနေတယ်တဲ့။ ဒါကိုဘယ်သူတိုင်လဲ ဆိုပြီး ရဲကလည်း သူတို့ အပြစ်တွေ ပေါ်မှာဆိုးလို့ နည်းနည်းဖုံးချင်တာထင်တယ်"

သံရုံးနဲ့ ဆက်သွယ်တိုင်ကြားပြီးတဲ့နောက်ပိုင်း တရုတ်ရဲတွေ မလာခင်မှာ မြန်မာအလုပ်သမား ၆၀ လောက်ဟာ တခြားစက်ရုံတွေဆီကို ပြောင်းရွှေ့ခံလိုက်ရလို့ အလုပ်သမား ၄၀ လောက်ပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသမားတွေရဲ့ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ငွေတွေပါ သိမ်းဆည်းခံထားရပြီး တရုတ်အာဏာပိုင်တွေက သူတို့ကို နေရပ် ဘယ်အချိန် ပို့မယ်ဆိုတာ မသိရသေးဘူးလို့ ကိုဖိုးထောင်က ပြောပါတယ်။

ကိုဖိုးထောင်ဟာ နန်းရှီးစက်ရုံမှာ အလုပ်လုပ်ဖူးသူဖြစ်ပြီး အဓမ္မခိုင်းစေခံနေရတဲ့ အစ်ကိုဖြစ်သူ ကိုအောင်မြတ် မင်းနဲ့ အလုပ်သမားတွေကိစ္စကို သံရုံးနဲ့ မီဒီယာတွေကို ပြောကြားခဲ့တဲ့အတွက် သူ့ကို ကုမ္ပဏီနဲ့ တရုတ်ရဲတွေ ကပါ လိုက်လံရှာဖွေနေတာကြောင့် တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

နန်းရှီးစက်ရုံဟာ ငါး၊ ပုဇွန် စတဲ့ ရေထွက်ပစ္စည်းတွေကို ပြန်လည်ထုတ်ပိုးပြီး ဂျပန်နိုင်ငံကို တင်ပို့နေတဲ့ စက်ရုံလို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

တရုတ်ရဲက ဖမ်းဆီးထားသူတွေနဲ့ မိသားစုတွေကို ဆက်သွယ်နိုင်ရေးနဲ့ နေရပ်ပြန်ခွင့်ရရေး ကူညီမယ်လို့ မြန်မာသံရုံးက ပြောဆိုထားပေမယ့် မိသားစုဝင်တွေကတော့ ဒီနေ့အထိ အဆက်အသွယ် မရကြသေးဘူးလို့ ကိုဖိုးထောင်က ပြောပါတယ်။

ကိုဖိုးထောင်တို့ ညီအစ်ကိုတွေဟာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဇာတိဖြစ်ပြီး အရင်ကလည်း အဲဒီစက်ရုံမှာ တစ်လ ယွမ်ငါးထောင်နဲ့ အလုပ်လုပ်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

သူတို့နေရပ်ကို ပြန်ရောက်လာချိန် ကိုဗစ်ကပ်ရောဂါကာလမှာ မိုးကုတ်က ပွဲစားတစ်ယောက်ရဲ့ အချိတ်အဆက်နဲ့ နယ်စပ် မူဆယ် ခိုးပေါက်နေတစ်ဆင့် ဆန်တုံးပြည်နယ်ထဲအထိ နောက်တစ်ကြိမ် ထပ်ရောက်သွားကြတာလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ သုံးလလောက်ထဲက သားဖြစ်သူ ကိုအောင်မြတ်မင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းကြားရတာ ကြောင့် စိတ်ပူနေကြတယ်လို့ ဖမ်းဆီးခံထားရတဲ့ ကိုအောင်မြတ်မင်း ရဲ့ဖခင် ဦးဝင်းမြင့်က RFA ကို ပြောပါတယ်။

"ကျွန်တော့်ရဲ့ သုံးယောက်မြောက်သား ပွဲစားက ခေါ်သွားရင်း ဆန်တုံးရောက်သွားတာ။ သူအရင်ကလည်း အဲဒီကုမ္ပဏီမှာ နေဖူးတယ်။ အရင် သူဌေးကုမ္ပဏီပဲဆိုပြီး ယုံကြည်ပြီး နေနေရင်းနဲ့ ရဲဖမ်းတာလိုလိုနဲ့ အပြင်ကနေ ဝင်ဖမ်းသွားပြီး ဖုန်းတွေလည်း အကုန်သိမ်းသွားတာ အဆက်အသွယ်မရတာ သုံးလကျော်၊ လေးလလောက် ရှိပြီဗျ။ သူဌေးနဲ့ ရဲနဲ့ ပေါင်းစားနေတဲ့ ပုံစံပေါ့ဗျာ။ သူတို့ကို ထမင်းကျွေးပြီး အလုပ် လုပ်ခိုင်းတယ်၊ လစာမရဘူးပေါ့။ ကျွန်တော့်သားနဲ့ ကျွန်တော့်ချွေးမရော အပါဆိုရင် သုံးယောက်ရှိတာကို နှစ်ယောက်ကတော့ ထွက်ပြေးသွားလို့ ဒီပြင်နေရာ ရောက်သွားပြီး ကျန်နေခဲ့တဲ့ တစ်ယောက်မှာ သူတို့လူယုံပါဆိုပြီး ပြန်ဖမ်းပြီး လုပ်သွားတာ။ ကလေးတွေ ပြန်ရောက်စေချင်တာပေါ့ဗျာ။ သူတို့ ပြန်ရောက်ဖို့က အရေးကြီးတယ်။ အစက မြန်မာသံရုံးက လုပ်ပေးမလိုလိုနဲ့ နောက်ပိုင်းကျတော့ သူတို့နဲ့ မဆိုင်ဘူးဆိုသလို လုပ်သွားတာ"

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာသံရုံးက ဆက်သွယ်လာပေမယ့် ဘာမှ မပြောလိုက်ရခင်မှာဘဲ ဖုန်းကျသွားခဲ့တယ် လို့ ဦးဝင်းမြင့်က ပြောပါတယ်။

"အဓိကပြဿနာက ကျွန်တော်တို့ မြင်တာက နှစ်နိုင်ငံ အလုပ်သမားဥပဒေမှာ လက်မှတ်မထိုးထားဘူးဗျ"

ဖမ်းဆီးခံ မြန်မာလုပ်သားတွေအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးကို RFA က သြဂုတ်လ ၃၀ ရက်နေ့က ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာ မနေ့က တာဝန်ကျ သံရုံးဝန်ထမ်း အမျိုးသမီးတစ်ဦး က နေ့လယ် နှစ်နာရီ နောက်ပိုင်းမှ ဆက်သွယ်ဖို့ ပြောဆိုတာကြောင့် နေ့လယ် နှစ်နာရီနောက်ပိုင်း ပြန်လည် ဆက်သွယ်တဲ့အခါမှာလည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ဒီနေ့လည်းထပ်ပြီး ဆက်သွယ်ခဲ့ပေမယ့် မြန်မာသံရုံးက ဖုန်းမကိုင်ပါဘူး။

ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကို RFA က အီးမေလ်နဲ့ ဆက်သွယ်မေးမြန်းပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ နှစ်နိုင်ငံ တရားဝင် အလုပ်သမား စေလွှတ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးထားတာမရှိသလို နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းခွင့်ကိုလည်း ခြောက်ညအိပ် ခုနစ်ရက်ပဲ သတ်မှတ်ထားတာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နေထိုင်သူတွေကို တစ်နှစ်သက်တမ်းရှိတဲ့ ဒေသအတွင်း နေထိုင်သူအဖြစ် နယ်စပ် ဖြတ်သန်းသွားလာခွင့်ရှိတဲ့ အနီရောင်စာအုပ်ကို မြန်မာဘက်က လုပ်ပေးထားပြီး တခြား တိုင်းနဲ့ပြည်နယ်က လာရောက်သူတွေကိုတော့ နယ်စပ်ဖြတ်ကျော်ခွင့် တစ်ခါသုံးကတ် အစိမ်းကို ထုတ်ပေးတာပါ။ သွားလာခွင့်ကိုလည်း တရုတ်နိုင်ငံ ရွှေလီအထိ ဈေးဝယ် အလည်အပတ်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။

အဲဒီစာအုပ်နဲ့ တစ်ခါသုံးကတ်တွေဟာ ခြောက်ညအိပ် ခုနစ်ရက်ပဲ သက်တမ်းရှိပါတယ်။ တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီစာအုပ်နဲ့ ကတ်တွေကို ကိုင်ဆောင်ပြီး တရုတ်နိုင်ငံ အတွင်းမှာ အလုပ်ရှင်နဲ့ နားလည်မှုရယူ အလုပ်လုပ်ကိုင်နေကြတာလို့ အလုပ်သမားအရေး ကူညီ ဆောင်ရွက်သူတွေက ပြောပါတယ်။ အဲဒါကြောင့် တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ရဲကဖမ်းတာ၊ အလုပ်ရှင်က ခေါင်းပုံဖြတ်ပြီး လုပ်ခလစာမရတာ၊ ရဲဖမ်းလို့ နေရပ်ပြန်ပို့ခံရတာတွေ မကြာခဏ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

myanmar-return.jpeg
(ရွှေလီမြို့ ရဲစခန်းရှေ့မှာ သြဂုတ် ၁၉ ရက်နေ့က နေရပ်ပြန်ခွင့်ရအောင် စီစဥ်ပေးဖို့ မြန်မာတွေ စုဝေးတောင်းဆိုခဲ့ကြစဉ်)

ဒီလိုအဖမ်းခံရလို့ နေရပ်ပြန်ရေး အကူအညီတောင်းခံနေကြသူတွေ နေ့စဉ်နဲ့အမျှ အများအပြားရှိနေတယ်လို့ မူဆယ် အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကွန်ယက် ဥက္ကဋ္ဌ ကိုဌေးက ပြောပါတယ်။

"စာအုပ်အနီက ဘယ်အထိပဲသွားရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိတာပေါ့နော်။ ပေါက်ဆန်းတို့ ဘာတို့ဆိုရင် ရွှေလီနဲ့ နီးတယ်။ ပေါက်ဆန်းအထိလည်း သွားလို့မရဘူးပေါ့။ မနေ့ကဆိုရင် ကျွန်တော်တို့ကို ဆက်သွယ် လာတာ ရှိတယ်။ ခွေးမင်မှာ ရောက်နေပြီပေါ့နော်။ ကောင်စစ်ဝန်ရုံးတို့ ပြည်ပဆက်ဆံရေးဌာန တို့ကို ပြောလိုက်ရင်ကိုယ့်ကြောင့် ပိုပြီး အပြစ်ပေါ်သွားမှာ စိုးတာပေါ့။ အဓိက ပြဿနာက ကျွန်တော်တို့ မြင်တာက နှစ်နိုင်ငံ အလုပ်သမားဥပဒေမှာ လက်မှတ်မထိုးထားဘူးဗျ။ ထိုင်းဘက်မှာဆိုရင် ထိုးထားတယ်။ အလုပ်သမား အကာအကွယ် ရတာပေါ့။ မဲဆောက်ဘက်မှာဆိုရင် တရားဝင် အလုပ်သမား ကူညီရေး အသင်းတွေ ရှိတယ် ပြောလို့ရတယ်။ အခု တရုတ်မှာက အဲဒါမရှိဘူး"

တရုတ်နိုင်ငံထဲကို သွားရောက်အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေဟာ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ဖြစ်ပြီး ရှမ်းမြောက်ဒေသ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ပန်ဆိုင်း၊ မုံးကိုး၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဝဒေသ ပန်ဆန်း၊ မိုင်းလားဒေသ၊ ကချင်ပြည်နယ် လွယ်ဂျယ် စတဲ့ နယ်စပ်ပေါက်တွေကနေ နှစ်စဉ် သိန်းနဲ့ချီပြီး တရုတ်မှာ အလုပ်သွားလုပ်နေကြတာပါ။

အများစုက စက်ရုံတွေ၊ စိုက်ခင်းတွေ၊ ဈေးဆိုင်တွေမှာ အများဆုံး အလုပ်လုပ်ကိုင်ကြတာလို့ နေရပ် ပြန်လာသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။