နှစ်ပတ်အတွင်း ကနီနဲ့ ယင်းမာပင်က နေအိမ် ၄၀၃ လုံးမီးရှို့ခံရ၊ ဒေသခံ ခြောက်ဦး သေဆုံး
2023.02.12

စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာ ၁၁ ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် နေအိမ် ၄၀၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလနောက်ဆုံးအပတ် ကနေ ဖေဖော်ဝါရီလ ၈ ရက်အထိ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စုစုပေါင်း ကနီမြို့နယ်မှာဆိုရင် အိမ်ခြေ ၂၂၀ ရှို့သွားတယ်၊ ယင်းမာပင်မြောက်ခြမ်းမှာ ဆိုရင် ကျေးရွာခုနစ်ရွာက စုစုပေါင်း အိမ်ခြေ ၁၈၃ လုံးအထိ မီးရှို့ခံလိုက်ရတယ်”
ဖေဖော်ဝါရီ ၈ ရက် စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်ခွာသွားတဲ့နောက် ယင်းမာပင် မြို့နယ်က ကျောက်ကုန်းရွာမှာ အသတ်ခံရတဲ့ အမျိုးသား တစ်ဦး၊ ကျောက်မှော်ရွာမှာ အသက် ၇၀ အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်လက်ပြန်ကြိုးတုပ် အသတ်ခံရတဲ့ လူလတ်ပိုင်း အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ သပြေတောရွာအနီး ချင်းတွင်းမြစ်ကမ်းစပ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းတွင်းမြစ်တစ်လျှောက်ရွာ ၁၁ရွာက နေအိမ်မီးလောင် ပျက်စီးခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ နေရပ်မပြန်နိုင်သူ ၆၀၀ ဝန်းကျင်ရှိတယ်လို့လည်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။