အာဏာသိမ်းပြီးနောက် နေအိမ်အလုံးပေါင်း လေးသောင်းနီးပါးမီးရှို့ခံရ

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ တစ်နိုင်ငံလုံးက နေအိမ်အလုံးပေါင်း သုံးသောင်းရှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ်သုံးသောင်းနီးပါး၊ မကွေးတိုင်းထဲမှာ အိမ်အလုံးပေါင်း ၈ဝဝဝ နီးပါးနဲ့ ချင်းပြည်နယ်ဘက်မှာ ၁၅ဝဝ နီးပါး မီးရှို့ခံရတာဖြစ်ပါတယ်။

ဒီစာရင်းမှာ မပါသေးတဲ့ဖြစ်ရပ်တွေ ရှိနိုင်သေးတဲ့အတွက် မီးရှို့ခံရတဲ့ အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် အခုထက် ပိုများနိုင်တယ်လို့ Data for Myanmar ကဆိုပါတယ်။

အခုလို နိုင်ငံတစ်ဝန်းမှာ အရပ်သားတွေရဲ့နေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ ဒေသခံတွေက ရုပ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

နိုင်ငံရေး လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့နယ်မြေမှာ နေအိမ်တွေ အဆောက်အအုံတွေကို ဖျက်ဆီး မြေလှန်မီးရှို့တဲ့ မူဝါဒ (scorched-earth policy) ကျင့်သုံးနေတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံတိုက်ခိုက်နေကြရာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မကွေးတိုင်းကို စစ်ကောင်စီက အပြင်းအထန်ပြန်လည်ခုခံနေပါတယ်။