ပင်လောင်းနဲ့ဖယ်ခုံမှာ သုံးလအတွင်း အရပ်သား ၃၃ ဦး သေဆုံးကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော

2023.03.27
ပင်လောင်းနဲ့ဖယ်ခုံမှာ သုံးလအတွင်း အရပ်သား ၃၃ ဦး သေဆုံးကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
အင်းဆားကူး

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်မှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မတ်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှာ မတ်လ ၁၁ ရက်နေ့က သံဃာသုံးပါးနဲ့ အရပ်သား စုစုပေါင်း ၂၁ ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို သံဃာသုံးပါးလည်း ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကိစ္စကို စစ်ကောင်စီတပ်မ (၆၆) နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (စကခ-၂) လက်အောက်ခံ ခလရ (၅၁၈) တပ်က လုပ်ခဲ့တာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ နန်းနိမ့်ရွာကိစ္စကို ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ (KNDF) က ကျူးလွန်တာလို့ စွပ်စွဲထားသလို KNDF ကလည်း စစ်ကောင်စီတပ်က လုပ်တာလို့ ပြန်လည်စွပ်စွဲထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီလဆန်းပိုင်းကစပြီး ပင်လောင်း၊ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေကို စစ်ကြောင်းထိုးခဲ့သလို တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကိုပါ အသုံးပြုခဲ့တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းရွာအနီးမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအလောင်း တွေ့ခဲ့ရသလို ရွာသား လေးဦးလည်း ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အကြားတစ်လျှောက်မှာ စစ်ကောင်စီတပ်၊ PNO ပူးပေါင်းတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်းရွာအပါအ၀င် လုံးပျဉ်၊ တောင်စလုံး၊ မြောက်စလုံးနဲ့ နန်းနိမ့်ရွာက ဒေသခံ ၅၀၀၀ ကျော် ပင်လောင်းမြို့ပေါ်က ဒုက္ခသည် စခန်းတွေထံ ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။