ခရီးသွားခွင့်အထောက်အထား မပြနိုင်တဲ့ မွတ်စလင် ၃၀ ကို ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ ဖမ်းဆီးမိခဲ့တဲ့ မွတ်စလင်တွေကို ၂ဝ၁၉ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ ဖမ်းဆီးမိခဲ့တဲ့ မွတ်စလင်တွေကို ၂ဝ၁၉ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ် (Photo: U Myint Soe)

0:00 / 0:00

ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စုမှာ မနေ့က မွတ်စလင် အယောက် ၃၀ ကို ထိန်းသိမ်းလိုက်ပြီး သူတို့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာနဲ့ သဲချောင်းကျေးရွာတွေကနေ ရန်ကုန်မြို့ကို သွားရောက်ဖို့ ထွက်လာသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အများစုဟာ အသက် ၁၅ နှစ်ဝန်းကျင် ဖြစ်ကြပြီး အသက်အကြီးဆုံးဟာ ၂၇ နှစ်ဖြစ်ပါတယ်။ ဒါ့အပြင် အသက် လေးနှစ်ဝန်းကျင် ကလေးတစ်ဦးလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ရေကျော်ကျေးရွားအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက သူတို့ကို ငရုတ်ကောင်းမြို့ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ RFA ကို ပြောပါတယ်။

"ယောင်္ကျားလေးက အကြီးကိုးယောက်၊ အငယ်တစ်ယောက်၊ မိန်းကလေးက အယောက် ၂၀၊ စစ်တွေက လှေနဲ့လာတယ်လို့ပြောတယ်၊ ကျွန်တော်တို့ ရေကျော် ငရုတ်ကောင်းတံတားကနေ တက်တယ်လို့ပြောတယ်၊ ပါဂျဲရိုးထဲမှာ လူပေါင်း ၃၀ ကို ပါအောင်တင်ပြီးတော့ ငရုတ်ကောင်းတောင်လမ်း ၁၆ မိုင် ၁ ဖာလုံမှာမိတယ်၊ သူတို့အဖွဲ့ကို ငရုတ်ကောင်းစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်"

ရန်ကုန်ကိုသွားဖို့ ပွဲစားတွေကို ကျပ် ငါးသိန်းကနေ ခုနှစ်သိန်းအထိပေးခဲ့ရတယ်လို့ သူတို့ဆီက သိရကြောင်းလည်း ရေကျော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ မလေးရှားနိုင်ငံကိုသွားဖို့ ထွက်လာကြတာဖြစ်ပြီး တချို့က ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုပြီး ရေလမ်းအတိုင်း လှေနဲ့ထွက်လာတာလို့ သိရပါတယ်။

ငရုတ်ကောင်းမြို့ကို ရောက်တဲ့အချိန်မှာ ပါဂျဲရိုးကားတစ်စီးပေါ်ကို လူ ၃၀ လုံး စုပြုံလိုက်ပါ စီးလာချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

စစ်ဆေးတာတွေ ပြီးသွားရင် ပုသိမ်မြို့ကို ခေါ်သွားဖို့ စီစဉ်နေကြောင်း ငရုတ်ကောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးမျိုးမင်းထွန်းက ပြောပါတယ်။

"လောလောဆယ်တော့ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ စစ်ဆေးပြီးရင်တော့ ဧရာဝတီတိုင်းဒေသကြီးရဲ့ ပုသိမ်ခရိုင်မြို့ကိုခေါ်ဖို့ ပြောနေတယ်၊ ဘယ်လို ပုဒ်မတပ်မယ်၊ ဘယ်လိုကွင်းဆက်လိုက်မယ်ဆိုတာ အခုထိတော့ မသိသေးတာ၊ စစ်ဆေးချက်ပေါ်မူတည်ပြီးတော့ လဝကရဲ့ ဆုံးဖြတ်ချက်ရှိတယ်၊ ကျန်တဲ့ကွင်းဆက်ကိစ္စကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ အညီလုပ်မှာပါခင်ဗျ"

အဲဒီလူတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်မယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဦးမျိုးမင်းထွန်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီကိစ္စဟာ သူတာဝန်ယူထားတဲ့အလုပ် မဟုတ်တာကြောင့် တိတိကျကျ မသိကြောင်း ဖြေကြားပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်ကို ဆက်သွယ်ခဲ့ပေမယ့် အလုပ်များနေကြောင်းသာ တုံ့ပြန်ပြောပြီး မေးမြန်းခွင့် မရခဲ့ပါဘူး။

အလားတူ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာ စိုးဝင်းကို မေးမြန်းဖို့ ကြိုးစားရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ မွတ်စလင်အများစုဟာ လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံထားရပြီး အရေးကြီးကိစ္စနဲ့ ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကို စာတင်ပြီး ခွင့်ပြုချက်ရရှိမှ သွားလာခွင့်ရကြတာဖြစ်ပါတယ်။

ငရုတ်ကောင်းမြို့နယ်မှာ စစ်ဆေးခံနေရသူတွေကတော့ ခရီးသွားလာခွင့် အထောက်အထားတွေ မပြနိုင်တာကြောင့် ဖမ်းဆီးခံထားရတာပါ။

စစ်တွေကနေ ထွက်လာချိန်က လှေပေါ်မှာ လူ ၄၄ ယောက် ပါဝင်လာပြီး ကုန်းပေါ်ကို လူ ၃၀ သာ တက်လာတာဖြစ်ကြောင်း ဖမ်းဆီးထားသူတွေက ထွက်ဆိုကြောင်း ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ဒါကြောင့် ကျန်ရှိနေသူတွေကို ဖမ်းဆီးရမိဖို့ ကမ်းကပ်ခဲ့တဲ့ လှေဆိပ်ကို သွားရောက်ရှာဖွေရာမှာ လှေနဲ့ လူ ၁၄ ဦးလုံး မရှိတော့ကြောင်းလည်း သိရပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာရှိနေတဲ့ မွတ်စလင်တွေဟာ မကြာခဏဆိုသလို ကုန်းလမ်း၊ ရေလမ်းတွေကနေ ရန်ကုန်နဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အများစုဟာ ရခိုင်ပြည်နယ်အတွင်းမှာ အလုပ်အကိုင်ရှားပါးတာတွေ၊ လွတ်လပ်စွာ သွားလာခွင့်မရတာတွေနဲ့ မိသားစုစားဝတ်နေရေးကြောင့် နေရပ်စွန့်ခွာ သွားရောက်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ငပုတောမြို့နယ်မှာ စစ်ဆေးခံနေရသူတွေဟာ လွန်ခဲ့တဲ့ သုံးရက်လောက်ထဲက စစ်တွေမြို့ကနေ ထွက်ခွာသွားသူတွေဖြစ်ပြီး ဖမ်းဆီးခံရတယ်ဆိုတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြကြောင်း သက်ကယ်ပြင်ကျေးရွာက ဦးတင်လှိုင်က ပြောပါတယ်။

"လက်ရှိအချိန်က ဒီမှာသူတို့ မိသားစု အသိုင်းအဝိုင်းက ပူပြင်းသောကတွေဖြစ်နေတာပေါ့၊ သူတို့က စားရေး၊ နေထိုင်ရေး၊ အလုပ်အကိုင်ရှားပါးရေး၊ လွတ်လပ်စွာသွားလာခွင့် မရတာတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေပေါ့၊ ဒီအတောအတွင်းမှာ သူတို့က ကိုယ့်ဘဝ ရုန်းကန်ဖို့အတွက်တော့ ထွက်ကြတာပဲလေ၊ မိသားစု အသက်မွေးဝမ်းကျောင်းဖူလုံဖို့အတွက် ရန်ကုန်ကိုထွက်မယ်၊ အဓိကက နိုင်ငံခြားထွက်ဖို့အတွက် သွားတာပဲ၊ ကျွန်တော်တို့လည်း တားတာပဲ၊ ကိုယ့်မြန်မာနိုင်ငံအတွင်းကနေ ဘာလုပ်ဖို့ နိုင်ငံခြားသွားမှာလည်းတားပေမယ့် သူတို့က နားမထောင်ကြဘူး၊ သူတို့က အလုပ်အကိုင် မရှိတာတွေ၊ လွတ်လပ်စွာ သွားလာခွင့် မရှိတာတွေကြောင့် ကျွန်တော်တို့ စကားကို သူတို့ လက်မခံကြဘူးပေါ့နော်"

ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ဟာ ရခိုင်ပြည်နယ်က လူနည်းစုနဲ့ပတ်သက်လို့ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့်၊ ကျန်းမာရေး ပညာရေးနဲ့ အခြားအခြေခံရပိုင်ခွင့်တွေပေးဖို့ အကြံပြုထားတာရှိပေမယ့် အစိုးရဘက်က အကောင်အထည်ဖော်မှု မရှိသလောက်ပဲလို့ မွတ်စလင်ခေါင်းဆောင်တွေက ပြောထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ မနေ့က ငပုတောမှာ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိသေးဘူးလို့ ပြောပါတယ်။

နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေတဲ့ အစီအစဉ်ကို ဝန်ကြီး ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

"အခုလည်း NVC ကတ်တွေ ကျွန်တော်တို့ ထုတ်ပေးနေတယ်ပေါ့နော်၊ ပြီးတော့ မလုပ်တဲ့သူတွေလည်းရှိတယ်၊ လုပ်မယ်ဆိုရင် ကျွန်တော်တို့ အဆင်ပြေပြေလုပ်ပေးတယ်၊ NVC ကိုင်ပြီးတဲ့ အခါမှသာ နိုင်ငံသား ဖြစ်ခွင့် ရှိ၊ မရှိကို သူတို့ လျှောက်ထားနိုင်မယ်၊ ကျွန်တော်တို့ စိစစ်လို့ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်၊ နိုင်ငံသားဖြစ်ခွင့်မရှိတဲ့သူကို သက်ဆိုင်ရာ ကတ်တစ်ခုထုတ်ပေးမယ်၊ နိုင်ငံသားဖြစ်ခွင့်ပေးထားတဲ့ သူတွေကို လွတ်လပ်စွာ သွားလာခွင့်ပြုထားပါတယ်၊ ကျွန်တော်တို့ ရခိုင်မှာက နိုင်ငံသားဖြစ်ပြီးတဲ့ သူတွေရှိတယ်၊ ဧည့်နိုင်ငံသား ထားရမယ့်သူတွေရှိတယ်၊ ယာယီကိုင်ဆောင် လက်မှတ်နဲ့ ထားရမယ့်သူတွေရှိတယ်၊ လွတ်လပ်စွာသွားလာခွင့်က သူတို့ ကိုင်ထားတဲ့ ကတ်တွေပေါ်မှာမူတည်ပါလိမ့်မယ်"

ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် နဲ့ ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၁၃ ခုနှစ်ကလည်း ငပုတောမြို့နယ်အတွင်းက ဂေါ်ရင်ဂျီကျွန်းအနီးမှာ မွတ်စလင် ၅၂ ဦးကို ဖမ်းဆီးခဲ့တာတွေရှိပါတယ်။

အလားတူ ၂၀၁၈ ခုနှစ်အတွင်း တနင်္သာရီတိုင်း တနင်္သာရီမြို့၊ လောင်းလုံမြို့နဲ့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွေမှာလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ မွတ်စလင်တွေ ရာနဲ့ချီပြီး ဖမ်းမိခဲ့ဖူးပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲမှာ ၂၀၁၉ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မွတ်စလင် ၇၈ ဦး ဖမ်းဆီးရမိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူမှုစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းထွန်းဦးက စက်တင်ဘာ ၂ဝ တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Mosaic Myanmar အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်ကိုကိုက ဒီလူတွေဟာ သူတို့သက်ဆိုင်ရာ ဒေသတွေမှာ အခက်အခဲ အမျိုးမျိုးကြောင့် ဘဝကိုရင်းပြီး နေရပ်စွန့်ခွာနေကြရတာဖြစ်တယ်၊ လူသားချင်း စာနာထောက်ထားရမယ်၊ ဖမ်းဆီးထောင်ချတာတွေက မသင့်တော်ပါဘူးလို့ RFA ကို ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)