အာဏာသိမ်း လနှစ်ဆယ်အတွင်း အမျိုးသမီး ၃၀၇ ဦးသေဆုံး

2022.10.07
အာဏာသိမ်း လနှစ်ဆယ်အတွင်း အမျိုးသမီး ၃၀၇ ဦးသေဆုံး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) မှ ဦးဆောင်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။
Photo: Rosy Women's Union - Dawei

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၂ စက်တင်ဘာ ၃၀ ရက်ထိ လပေါင်း ၂၀ အတွင်း အမျိုးသမီး ၃၀၇ ဦးသေဆုံးခဲ့ပြီး ၂၄၇၂ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အောက်တိုဘာ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လအတွင်းမှာတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၂၃ ဦးအထိသေဆုံးခဲ့ရပြီး အမျိုးသမီး ၃၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

လပေါင်း နှစ်ဆယ်အတွင်း ဖမ်းဆီးခံထားရသူအားလုံးထဲက ၂၁၃ ဦးကို ပြစ်ဒဏ်တွေ ချမှတ်ထားပြီး အဲဒီအထဲမှာမှ သေဒဏ်ချမှတ်ခံထားရသူ ကိုးဦး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံထားရသူ ၁၀ ဦးနဲ့ ထောင်ဒဏ် ၉ နှစ်နဲ့ အထက်ချမှတ်ခံထားရသူ ၅၅ ဦး ပါဝင်ပါတယ်။

ပြည်တွင်း ပြည်ပမှာရှိနေတဲ့ အလွှာပေါင်းစုံက အမျိုးသမီးတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်တာ၊ လက်နက်ကိုင်လမ်းစဉ်မှာပါဝင်တာ၊ စစ်တပ်ထုတ်ကုန်တွေ အသုံး မပြုတာနဲ့ ပြည်တွင်းက ခုခံနေသူတွေအတွက် ရန်ပုံငွေရှာပေးတာစတဲ့ နည်းလမ်း မျိုးစုံနဲ့ နိုင်ရာကဏ္ဍက ပါဝင်ပြီး စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန် နေကြတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က သူတို့ကို ဆန့်ကျင်သူမှန်သမျှ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးတာ အပါအဝင် ခုခံတွန်းလှန်စစ် အားကောင်းတဲ့ ဒေသတွေမှာ လက်နက်အင်အား အလွန်အကျွံသုံးပြီး အရပ်သားတွေရှိတဲ့ နေရာတွေကို ပစ်ခတ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ်သေဆုံးမှု များပြားစေတဲ့ အကြောင်းအရင်းတစ်ရပ်လို့ဆိုပါတယ်။

နေ့စဉ် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြားမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုတွေကို ကင်းမဲ့စေတဲ့အပြင် ထိခိုက်နစ်နာမှုများနဲ့ သေဆုံးမှုများဖြစ်လာခဲ့ရင်လည်း တရားမျှတမှုရရှိဖို့ အမှုတိုင်ကြားရေး ယန္တရားတောင်မှ ပျောက်ဆုံးနေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။