လက်နက်ကြီးကြောင့် နေရပ်ပြန်ဒုက္ခသည် သုံးဦးသေ၊ ငါးဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လုံတကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၇ ရက် မနေ့ညနေ ၅ နာရီ အချိန်လောက်က နေရပ်ပြန်နေတဲ့ ပန်နန်းရွာက စစ်ဘေးဒုက္ခသည်တွေ အနီးကို လက်နက်ကြီးနှစ်လုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပြီး နောက်ထပ် အမျိုးသမီး လေးဦးနဲ့ အမျိုးသားတစ်ဦး၊ စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အဲဒီကျေးရွာ ရပ်မိရပ်ဖကပြောပါတယ်။
“မနေ့က မိုင်ယော်ဈေးနေ့လေ။ ဒါနဲ့သူတို့က သေနတ်သံလည်း မကြားရတော့ဘူး ပြန်ကြမယ်ဆိုပြီး ရွာကိုအုပ်စု လိုက်ပြန်ကြတဲ့အချိန် ဘယ်အဖွဲ့က ပစ်လိုက်တာလဲတော့ မသိဘူး လက်နက်ကြီး နှစ်လုံးလာကျတာ။ လုံတရွာ အကျော်လေးမှာပဲ။ ကလေးတစ်ယောက်လည်း သေသွားတယ်”
လက်နက်ကြီးကြောင့် အသက် ၃၀ ကျော်အရွယ် ဒေါ်အေးမြနဲ့ ဒေါ်အေးကျော်တို့ နှစ်ဦးက ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက်ငါးနှစ်အရွယ် လွေးအေးကျန်ကတော့ ဆေးရုံကို ပို့ဆောင်ချိန် သေဆုံးသွားခဲ့တာလို့ဆိုပါတယ်။
ဒဏ်ရာရသူ ငါးဦးကိုတော့ မနေ့ညမှာပဲ လားရှိုးပြည်သူ့ ဆေးရုံကနေ စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကျေးရွာ ရပ်မိရပ်ဖကပြောပါတယ်။
သေဆုံးဒဏ်ရာရခဲ့တဲ့ ပန်နန်းကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လားရှိုးမြို့နယ် ပန်သပြေကျေးရွာ အနီးမှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ တိုက်ပွဲကြောင့် မိုင်းယော် ကျေးရွာဈေးထဲမှာ ထွက်ပြေးခိုလှုံနေကြတာပါ။
ဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မိုင်းယော်တိုက်နယ် အထက်ပိုင်းကျေးရွာတွေဟာ တအာင်း ပလောင်တိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းခက်ခဲတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဒီနေ့အထိ မိုင်းယော်တိုင်နယ်အထက်ပိုင်း တောင်ပေါ်ကျေးရွာ တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ တွေကြား စစ်ရေး အခြေအနေ တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ကျေးရွာရပ်မိရပ်ဖက RFA ကိုပြောပါတယ်။