လူ့အဖွဲ့အစည်းနှစ်ခု သင့်မြတ်အောင် ကြိုးပမ်းရေး ကုလသမဂ္ဂ တိုက်တွန်းပြောဆို

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး နောက်ထပ် မဖြစ်ပွားဖို့အတွက် လူ့အဖွဲ့အစည်း ၂ ခုအကြား သင့်မြတ်အောင် လုပ်ဆောင် မယ်ဆိုရင် မြန်မာအစိုးရကို ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ ကူညီပေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Ms. Kirsten Mildren က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ RFA

ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Ms. Valerie Amos ပါဝင်တဲ့ အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာပြီး မကြာသေးခင်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ မောင်တော၊ ပေါက်တော၊ မြေပုံမြို့တွေက ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ည ၇ နာရီခွဲအချိန်မှာ စစ်တွေဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အခုလို ပြောခဲ့ပါတယ်။

“ ဒီလူ့အဖွဲ့အစည်း ၂ ခု ဘယ်လိုမျိုးသင့်မြတ်အောင်နေကြမလဲဆိုတာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ အစိုးရအနေနဲ့ ဒီလူ့အဖွဲ့အစည်း ၂ ခု သင့်မြတ်အောင် လုပ်ဆောင်မယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အသင့်ရှိပါတယ်”

ဒါ့အပြင် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံမှာ လုံးဝမရှိးဘူးလို့ တရားဝင်ကြေငြာထားတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကုလသမဂ္ဂအနေနဲ့ သုံးနှုန်းခေါ်ဝေါ်နေရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ Ms. Valerie Amos က သူတို့အနေနဲ့ မည်သည့်အကြောင်းတရားမျှမပါဘဲ သူတို့ကိုယ်တိုင်က ရိုဟင်ဂျာလူမျိုးဆိုပြီး ပြောဆိုသုံးနှုန်းနေတဲ့အတွက် ဒီစကားလုံးကို ပြောဆိုသုံးနှုန်းရတာ ဖြစ်တယ်လို့  ပြန်လည် ပြောဆိုခဲ့ပါတယ်။

ကုလအရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Ms. Valerie Amos ဟာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်ပြီး သီးသန့် တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၆ ရက် နေ့မှာတော့ ကချင်ပြည်နယ်ကို ဆက်လက်သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org