ပြည်သူနဲ့ပူးပေါင်းတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၅၀၀ ဝန်းကျင်ရှိလာ
2021.09.02
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ခုနစ်လကျော်အကြာ စစ်ကောင်စီအပေါ် သစ္စာခံမှုကိုစွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်ဟာ အခုအချိန်အထိ ၂၅၀၀ ဝန်းကျင်ရှိပြီလို့ ပြည်သူ့ရင်ခွင် အဖွဲ့နဲ့ CDM Myanmar Police Channel တို့က ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီအထဲမှာ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သား ၁,၅၀၀ ကျော်နဲ့ ရဲမှူးကြီးအဆင့်အပါအဝင် ရဲ ၁,၀၀၀ ခန့်ရှိပြီလို့ ဆိုပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ဟာ CDM ပြုလုပ်ထားတဲ့ စစ်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်သလို CDM Myanmar Police Channel ဟာလည်း CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်တဲ့ မူဝါဒတစ်ရပ်မှာလည်း စစ်ကောင်စီလက်အောက်က တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ တရားဝင်ပြည်သူ့အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဦးဆောင်မှုကိုခံယူဖို့ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အခုအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အပြီးသတ်တွန်းလှန်ဖြိုဖျက်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြင်ဆင် နေတာကြောင့် ပြည်သူနဲ့အချိန်မီ ပူးပေါင်းဖို့ အခုလိုထုတ်ပြန်တာလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA ကိုပြောပါတယ်။
“တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေထဲမှာလည်း ဉာဏ်ရည်မြင့်တဲ့သူတွေ ရှိတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ အထူးသဖြင့် အမှန်နဲ့ အမှား၊ မတရားမှုနဲ့ တရားမှုပေါ့။ ဒါကို ဝေဖန်ပိုင်းခြားနိုင်မယ့် သူတွေ၊ ရွေးချယ် ဆုံးဖြတ်နိုင်မယ့်သူတွေ အမြောက်အများရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ ထုတ်ပြန်ညွှန်ကြားချက်နဲ့ ပတ်သက်ရင် စစ်ရာဇဝတ်မှုတွေ တသီကြီးကျူးလွန်ထားတဲ့ စစ်အုပ်စု လက်တစ်ဆုပ်စာကလွဲလို့ တပ်မတော်သားအများစု၊ ရဲတပ်ဖွဲ့ဝင် အများစုအပေါ်မှာတော့ ဒီညွှန်ကြားချက်က သက်ရောက်မှု ကြီးကြီးမားမား ရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
အာဏာသိမ်းစစ်တပ်နဲ့ လမ်းခွဲပြီး ပြည်သူနဲ့ပူးပေါင်းမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လုပ်သက်၊ ရာထူးနဲ့ ပင်စင်တွေကို NUG က တာဝန်ယူမှာ ဖြစ်သလို လတ်တလောလိုအပ်တဲ့ အသက်လုံခြုံမှု၊ မိသားစုဘဝလုံခြုံမှုနဲ့ ဘဝရပ်တည်မှုတွေအတွက် လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေကိုလည်း ဆောင်ရွက်ပေးမယ်လို့ ဦးရည်မွန်က ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့လက်ကိုင်တုတ်တွေအဖြစ် ရပ်တည်နေမယ်ဆိုရင် အဲဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အချုပ်အခြာအာဏာကို အလွဲသုံးစား ပြုလုပ်တာဖြစ်သလို ပြည်သူကိုပုန်ကန်တာဖြစ်လို့ ပြည်သူတွေရဲ့ အရေးယူ ဒဏ်ခတ်မှုကို မလွဲမသွေ ခံရလိမ့်မယ်လို့ NUG က သတိပေးထားပါတယ်။
ပြည်သူနဲ့ပူးပေါင်းလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အသစ်ပြန်လည်ဖွဲ့စည်းမယ့် ဖက်ဒရယ်တပ်မတော်နဲ့ ရဲတပ်ဖွဲ့မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်မယ်လို့ NUG က ပြောပါတယ်။
ဒီထုတ်ပြန်ချက်က လက်တွေ့မှာ ထိရောက်မှုရှိနေပြီး စစ်ကောင်စီအောက်မှာ အမှုထမ်းနေဆဲ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားဟာ ပြည်သူနဲ့ ပူးပေါင်းဖို့ ဆက်သွယ်လာတာရှိတယ်လို့ CDM ဝင်လာတဲ့ စစ်တပ် အရှိတစ်ဦးဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ဝင် ဗိုလ်ကြီးလင်းထက်အောင်က RFA ကိုပြောပါတယ်။
“တပ်ထဲကလူတွေ ထွက်မလာတာတစ်ခုက သူတို့ရပ်တည်ရေးတွေ စဉ်းစားတယ်။ နောက် လုံခြုံရေးတွေ စဉ်းစားတယ်။ NUG အနေနဲ့ ဒါတွေကို အာမခံပြီး ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီထုတ်ပြန်ချက်ကို တပ်တွင်းကလူတွေ တော်တော်များများ သိကြတယ်။ သိပြီးတော့ ကျွန်တော်တို့ ပြည်သူ့ရင်ခွင်အဖွဲ့ဆီကို ဆက်သွယ်သူတွေ ရှိနေတယ်။ ဒါကြောင့် ဒီဟာက တော်တော်အကျိုး သက်ရောက်မှု ရှိတယ်”
ဒီကနေ့အချိန်အထိ စစ်ကောင်စီလက်အောင်မှာ အမှုထမ်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေထဲမှာ စစ်အာဏာရှင်ကို ယုံကြည်ထောက်ခံသူအုပ်စု၊ ကြားနေအုပ်စုနဲ့ စစ်အာဏာရှင်ကို မယုံကြည်တဲ့အုပ်စုဆိုပြီး အုပ်စုသုံးခုကွဲနေ တယ်လို့ သူကပြောပါတယ်။
အဲဒီထဲက ကြားနေအုပ်စုနဲ့ စစ်အာဏာရှင်ကို မယုံကြည်တဲ့အုပ်စုဟာ ပြည်သူနဲ့ ပူးပေါင်းနိုင်ခြေ ရှိတယ် လို့လည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။
"တပ်ထဲကလူတွေ ထွက်မလာတာတစ်ခုက သူတို့ရပ်တည်ရေးတွေ စဉ်းစားတယ်။ နောက်လုံခြုံရေးတွေ စဉ်းစားတယ်။"
NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သြဂုတ် ၂၈ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီညွှန်ကြားချက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်တွေကို မနာခံဖို့၊ PDF တွေနဲ့ မဟာမိတ်တွေကို မတိုက်ခိုက်ဖို့၊ ပြည်သူကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ မလုပ်ဖို့၊ ပြည်သူနဲ့ပူးပေါင်းမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ NUG ထံ အမြန်ဆုံး စာရင်းပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီအစီအစဉ်က ရဲတွေ ပြည်သူနဲ့ပူးပေါင်းလာဖို့ ပိုပြီးတွန်းအားဖြစ်စေလိမ့်မယ်လို့ မြင်းခြံမြို့က CDM ရဲတပ်သား တစ်ဦးဖြစ်တဲ့ ကိုသက်နိုင်ဦးက RFA ကို ပြောပါတယ်။
“နဂိုကတည်းက ထွက်ချင်နေတဲ့သူတွေရှိတယ်။ ဒီလို စာထုတ်ပြီး ကြိုဆိုလိုက်တော့ သူတို့အတွက် အားရှိတယ်။ အာဏာသိမ်းတာတင် မဟုတ်ပါဘူး ရဲတပ်ဖွဲ့ထဲမှာ နေရာအများစုက မိုးကျရွှေကိုယ်တွေက အကြီးပိုင်းနေရာ တော်တော်များများမှာ ယူထားတယ်။ ယူထားတော့ ရဲတွေက ဒါတွေကို မကြိုက်ကြဘူး ဗျ”
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေရပေမယ့် စစ်အာဏာသိမ်းမှုကို မနှစ်သက်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ရှိနေသေးတာကြောင့် ပြည်သူနဲ့ ဆက်လက်ပူးပေါင်းလာဖို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF) တို့ကလည်း ကြိုးစားနေတယ်လို့ ပြောပါတယ်။
မြန်မာပြည်သမိုင်းတစ်လျှောက် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အုပ်စုတွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေတပ်သားတွေရဲ့ အသက်သွေးချွေးတွေကို ဖြုန်းတီးနေတာကြောင့် စစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ မသင့်တော့ဘူးလို့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အာဏာသိမ်းမှုဟာ မတရားသဖြင့် အတင်းရော အဓမ္မပါလုပ်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ စဉ်းစားနိုင်တဲ့ သူတိုင်းကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တရားပါတယ်လို့ ဘယ်သူမှ မပြောပါဘူး။ ကျွန်တော် ပြောချင်တာက လက်ရှိ တပ်မှာရှိတဲ့သူတွေ ရဲတပ်ဖွဲ့မှာရှိတဲ့သူတွေ ဒီလူတွေအပြင် လက်ရှိစစ်ကောင်စီ ယန္တရားကို လည်ပတ်အောင် လုပ်နေသူတွေ အချိန်ရှိပါသေးတယ်။ လူထုနဲ့ ပူးပေါင်းပါ”
ပြည်သူလူထုနဲ့ အတူပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်ဖို့နဲ့ အဲဒီလို ပူးပေါင်းသူတွေ ကို ကြိုဆိုပြီး လုံခြုံရေးကို အထူးအာမခံချက်ပေးမယ့်အပြင် ပြည်သူတွေ ပံ့ပိုးထားတဲ့ အလှူငွေတွေနဲ့လည်း ပံ့ပိုးမှုတွေပြုလုပ်သွားမယ်လို့ KNDF က သြဂုတ်လ ၂၀ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပထမဆုံးအရပ်သား တူမီးလက်နက်ကိုင် တော်လှန်ရေးတွေ အစပြုခဲ့တဲ့ ချင်းပြည်နယ်က ချင်းဒေသကာကွယ်ရေးတပ် (CDF) ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက် အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းမယ်ဆိုရင် တစ်ဦးကို ကျပ်သိန်း ၅၀ ပေးမယ့်အပြင် သွားလိုတဲ့ အရပ်ကို လုံခြုံမှုရှိရှိ သွားနိုင်ဖို့ စီစဉ်ပေးမယ်လို့ သြဂုတ် ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။
ထောက်ပံ့ပေးဖို့ငွေကြေးကို ဘယ်ကရရှိတယ်ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မရှိဘူးလို့လည်း CDF တာဝန်ရှိ သူတွေက RFA ကိုပြောပါတယ်။
ဒါပေမဲ့ ဒီကြေညာချက်က စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကို ပြည်သူနဲ့ ပူးပေါင်းဖို့ တွန်းအားတစ်ခု ဖြစ်စေလိမ့်မယ်လို့ CDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက RFA ကိုပြော ပါတယ်။
"ပြည်သူဘက်ကို လှည့်မယ့် သေနတ်ပြောင်းတစ်ခု လျော့သွားလည်းမနည်းဘူး။ နောက်တစ်ခုက စစ်ကောင်စီကို ရွံမုန်းလို့ တောထဲမှာ အလဟသသေရမှာ မလိုချင်လို့ စိတ်ဒွိဟဖြစ်နေတဲ့သူတွေ ဝေခွဲမရဖြစ်နေတဲ့သူတွေကို တွန်းအား တစ်ခုဖြစ်သွားအောင် ကျွန်တော်တို့က ထုတ်ပြန်လိုက်တာပါ”
စစ်ကောင်စီကတော့ CRPH၊ NUG က နာမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေက အုပ်ချုပ်ရေး ယန္တရားတွေကို ပျက်ပြားအောင်၊ ပြည်သူလူထုကို ကြောက်ရွံ့စေပြီး သူတို့ကို ထောက်ခံလာစေဖို့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို နေ့စဉ်ကျူးလွန်နေတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲဒီအဖွဲ့တွေနဲ့ မပတ်သက်ဖို့၊ သတင်းပေးကြဖို့နဲ့ ဖော်ထုတ်ဖမ်းဆီးရရှိမှုအပေါ် မူတည်ပြီး သတင်းပေးသူတွေနဲ့ ဖမ်းဆီးပေးသူတွေကို ငွေပမာဏ ကန့်သတ်မထားဘဲ ထိုက်တန်တဲ့ဆုငွေ တွေကို လျှို့ဝှက်ချီးမြှင့်ပေးသွားမယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CDM ဝင်တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ဖော် ပြောဆိုတာ မတွေ့ရသေးသလို ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ သူတို့ရဲ့ အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီ တောင်းဆိုကြတဲ့ အရပ်သားတွေ အပေါ် ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။
ဒါကြောင့် ဒီလုပ်ရပ်တွေကို မနှစ်မြို့တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ CDM ဝင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာတာလို့ CDM ဝင်လာသူတွေက ပြောကြပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှု ဖြစ်ပွားစဉ်ကလည်း ကျောင်းသားနဲ့ အရပ်သားပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်တဲ့အပေါ် မနှစ်မြို့တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရာထူးစွန့်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းခဲ့ကြပေမယ့်၊ အခုတစ်ကြိမ်မှာ အရေအတွက် သိသိသာသာ ပိုများပြားတာ ဖြစ်ပါတယ်။
အခုလို စစ်တပ်ကို စွန့်ခွာပြီး CDM ဝင်လာသူတွေများလာတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်တဲ့အကြောင်း သူတို့ရဲ့တပ်ရင်း တပ်ဖွဲ့တွေကို လိုက်လံစည်းရုံးနေတယ်လို့ တပ်တွင်းသတင်း အရင်းအမြစ်တွေကိုကိုးကားပြီး ပြည်တွင်း မီဒီယာတချို့က ရေးသားဖော်ပြနေကြပါတယ်။