အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို ပြောင်းရွှေ့

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ဦးကို စက်တင်ဘာလ ၂၄ ရက် မနေ့ မနက်ပိုင်းက ပဲခူးတိုင်း၊ သယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ အမျိုးသား ၂၀၀ ဦးနဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး အပါအဝင် အမျိုးသမီး ၅၀ ဦးဝန်းကျင် ပါဝင်တယ်လို့ ရေးသားထားပါတယ်။

မယဉ်မြတ်နိုးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အမှုနှစ်ခုအတွက် အင်းစိန်အကျဉ်း ထောင်တွင်းတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ မတ်လက အလုပ်နဲ့ထောင် ခြောက်နှစ်ချမှတ်ခဲ့ တာပါ။

ယခုနှစ် ဩဂုတ်လ ၁၄ ရက်မှာလည်း အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၅ ဦးကို မကွေးတိုင်း၊ သရက်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အင်းစိန်အကျဉ်းထောင်ကနေ တခြားထောင်တွေဆီ နိုင်ငံရေး အကျဉ်းသားတွေ ပြောင်းရွှေ့တာ လေးကြိမ်ရှိပြီလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးခံ ရသူ တစ်သောင်းခွဲကျော် (၁၅,၆၀၇ ဦး) ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် အကျဉ်းသားတွေကို စစ်ကောင်စီက ခုနစ်ကြိမ်အထိ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါတယ်။ မြန်မာ့ဗဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ( ISP Myanmar) က ယခုနှစ် ဧပြီလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာအရ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းပဲပါဝင်ပါတယ်။