ခွဲမထွက်ရအချက် ညှိနှိုင်းမရ
နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင် ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းလို့ မရတဲ့အတွက် အဲဒီအချက်ကို အခုကျင်းပနေတဲ့ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းနိုင်တော့မှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
-
2017-05-28 -
-
-
နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းလို့ မရတဲ့အတွက် အဲဒီအချက်ကို အခုကျင်းပနေ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းနိုင်တော့မှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
ခွဲမထွက်ရဆိုတဲ့အချက်ကို တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က လက်ရှိအချိန်မှာ မထည့်သွင်းစေချင်တာကြောင့် သဘောတူညီမှု မရခဲ့တာဖြစ်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
"ခွဲထွက်ခွင့်ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြတယ်၊ ဆွေးနွေးကြတဲ့ အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က ဒီခွဲထွက်ခွင့် ကတိကဝတ်နဲ့ပတ်သက်လို့ ဒါကိုသူတို့က ဒီအချိန်မှာ မထည့်စေချင်ဘူး၊ အဲဒီတော့ ကျနော်တို့ ဒီချပြီးတော့ ဖက်ဒရယ်မူကို ဆွေးနွေး ခဲ့ရတိုင်း ခွဲမထွက်ဘူးဆိုတဲ့ဟာကို ကျနော်တို့က ယူပါတယ်၊ ယူပြီးတော့ တဘက်ကလည်း ပြည်နယ်တွေ ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့နော်၊ တန်းတူရည် ကိုယ်ပိုင်ပြဌာန်းခွင့် ဒါကို ကျနော်တို့က ချိန်ထားတာပါ၊ ဆွေးနွေးတဲ့အခါမှာ ခွဲမထွက်ရဆိုတဲ့ ဒီအချက်ကို သဘောတူမှ ဗဟိုအချက်တွေကလာမှာဖြစ်ပါတယ်၊ အဲဒီအချက်မှာတင် ကျနော်တို့က သဘောတူညီမှု မရပါဘူး၊ မရတဲ့အတွက် ကျန်တဲ့အချက်တွေလည်း ကျနော်တို့ ဒီညီလာခံမှာပေါ့နော် စိတ်မကောင်းစွာပဲ ချန်ခဲ့ရပါတယ်"
အဲဒီအချက်နဲ့ပတ်သက်ပြီး ညီလာခံ အစည်းအဝေးမှာရော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးမှာပါ ဆွေးနွေးခဲ့ပေမယ့် ညှိနှိုင်းမရဘဲ ဖြစ်ခဲ့တာပါ။
နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးခဲ့တဲ့ ၂၁ ချက်ထဲကနေ ၁၂ ချက်ကိုတော့ သဘောတူ ညှိနှိုင်းနိုင်ခဲ့ တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ အစည်းအဝေးရဲ့ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုမှာပါဝင်တဲ့ နိုင်ငံတော်ရဲ့ နယ်အမြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရဆိုတဲ့ အချက်ကို မထည့်သင့်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်ရဲ့နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အချက်ဟာ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ် ၊ပင်လုံစိတ်ဓာတ်တွေနဲ့ လုံးဝဆန့်ကျင်နေကြောင်း၊ လွတ်လပ်ရေး ဖခင် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စုမူနဲ့ ဆန့်ကျင်နေကြောင်းနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။