၂၁ ပင်လုံညီလာခံမှာ တင်ပြနိုင်ဖို့ က CSSU က သျှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားကောက်ယူ

၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားကို စုစည်းတင်ပြနိုင်ဖို့အတွက် သျှမ်းနိုင်ငံရေး ပါတီတွေ သျှမ်းလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ လူငယ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ Committee for Shan State Unity ( CSSU ) သျှမ်းပြည်ညီညွတ်ရေးကော်မတီက လူထုရဲ့သဘောထားတွေကို ကောက်ယူခဲ့ ပါတယ်။

ရှမ်း၊ ကချင်၊ ကယား၊ မန္တလေး၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုမှာ လိုက်လံကောက်ယူရာ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ပြည်နယ်အတွက် သီးသန့်ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပေးဖို့ တောင်းဆိုကြတာတွေ တွေ့ရတယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။

မြို့နယ် ၄၀ ကျော်က ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားတွေကို မူဝါဒပုံစံဖော်ဆောင်ပြီး တခြားဒေသခံတွေ လည်း သိရှိနိုင်အောင် ပြန်လည်အသိပေးသွားဖို့ စီစဉ်နေပါတယ်။

"မြို့ ၄၀ ကျော်လောက် ဆင်းသွားတယ်။ ဒီပေါ်မှာ သဘောထားတွေ အများကြီးတော့ ရတာတော့ရနေ ပြီပေါ့လေ။ ဒါပေမဲ့ အဲဒီသဘောထားဆိုတာက ကနဦးသဘောထားပဲဖြစ်တယ်။ အဲဒါကို မူဝါဒပုံစံလို မျိုးဖြစ်အောင် ကျနော်တို့က လုပ်ပြီးတော့ ပြည်သူတွေကိုလည်း ပြန်ပြီးတော့ ရှင်းလင်းပြောရဦးမှာတွေ လည်း ရှိပါတယ်။ အဆင့်တွေ ကျန်ပါသေးတယ်ပေါ့လေ"

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ CSSU အနေ နဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာတွေမှာ ရှမ်းတိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ဆုံးရှုံးမှုတွေနဲ့ အစိုးရဘက်က အကောင်အထည် ဖော်ပေးဖို့လိုအပ်တဲ့ အခြေအနေတွေ အပေါ် ဒေသခံတွေရဲ့ ယေဘုယျသဘောထားတွေကိုသာ တင်ပြမှာဖြစ်ပါတယ်။

ရှမ်းတစ်မျိုးသားလုံးရဲ့ ဘုံသဘောထားကို တင်ပြနိုင်ဖို့ အချိန်လိုသေးတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဒုတိယအကြိမ် ပင်လုံညီလာခံမတိုင်ခင် ကျင်းပနိုင်မှာ မဟုတ်သေးကြောင်းနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ အကြိုဆွေးနွေးပွဲတွေကို ထပ်မံကျင်းပသွားဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

CSSU ကို SNDP (ကျားဖြူ) ၊ RCSS/SSA ၊ SSJAC ၊ Tai Youth Organization (TYO) နဲ့ Tai Youth Network (TYN) စတဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ လူငယ်အဖွဲ့တွေ၊ ရှမ်းပြည်မှာရှိတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

CSSU အောက်မှာပါတဲ့ SSJAC Shan State Joint Action Committee မှာဆိုရင် SNLD (ကျားခေါင်း) SSPP/SSA ၊ SSNA (ပြည်သူ့စစ်)အဖွဲ့တွေ ပါဝင်ပါတယ်။