ငြိမ်းချမ်းရေးဆိုင်ရာ တပ်မတော်သဘောထား AA ကြိုဆို
2016.08.05

ရခိုင်၊ ပလောင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေကို လက်နက်စွန့်စရာမလိုပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခွင့်ပေးမယ် ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားဟာ မှန်ကန်တယ်ဆိုရင် ဆွေးနွေးပွဲ အောင်မြင်ဖို့ အလားအလာကောင်း သွားပြီလို့ AA ရက္ခိုင့်တပ်မတော်က ပြောပါတယ်။
AA ရက္ခိုင့်တပ်မတော်၊ TNLA ပလောင်လွတ်မြောက်ရေးတပ်ဦးနဲ့ MNDAA မြန်မာနိုင်ငံ အမျိုးသားမဟာ မိတ်တပ်မတော် ကိုးကန့်အဖွဲ့တို့ကို လက်နက်စွန့်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ခွင့်ပြုမယ်လို့ မြန်မာ့ တပ်မတော်ရဲ့ သဘောထားကို ဖြေလျှော့ပေးလိုက်တယ်ဆိုပြီး ရိုက်တာသတင်းတစ်ပုဒ်မှာ ဖေါ်ပြထားတဲ့အတွက် AA ရက္ခိုင့်တပ်မတော်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်ကို RFA ကမေးတဲ့အခါ အခုလိုပြောတာပါ။
"ကျနော်တို့က ဒီ NCA စာချုပ်ထဲမှာ ကျနော်တို့အပါအဝင် TNLA ရယ်၊ MNDAA ရယ် အကုန်လုံး ပါခဲ့တယ်ပေါ့နော်၊ အဲ့ဒီစာချုပ်ရဲ့မူကြမ်းကို NCCT ကခေါင်းဆောင်တွေ သဘောတူလို့ လက်မှတ်ထိုးတယ် ဆိုရင်လည်း အဲ့ဒီမှာပါတဲ့အဖွဲ့တွေက သဘောတူလို့ထိုးတာပေါ့နော်၊ အဲ့ဒီစာချုပ်ကို သဘောတူတယ် ဒါပေမဲ့ အဲ့ဒီစာချုပ်မှာသဘောတူရင်းနဲ့ ဟိုအကန့်ဒီအကန့်တွေကန့်ပြီးတော့ အဖွဲ့ ၆ ဖွဲ့ကို ချန်ထားခဲ့ တယ်ပေါ့ဗျာနော်၊ ဆိုတော့ အဲ့ဒီဟာကို အခုကအားလုံးပါဝင်လို့ရပြီလို့ တပ်မတော်ဘက်က အဲ့ဒီသဘော ထားရှိပြီဆိုရင် အဲ့ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲက တော်တော်ကြီး အလာအလာကောင်းတဲ့ ဆွေးနွေးပွဲ ပဲဖြစ်မှာပါ"
အခုလိုခွင့်ပြုမယ်ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားကို ဒီနေ့မနက်ထိ တရားဝင်ထုတ်ပြန်တာ မတွေ့ရသေး ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဖို့ရှိတယ်လို့ ပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ AA ရက္ခိုင့်တပ်မတော်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။