၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲ ငါးရာခန့် CDM မှာ ပါဝင်

PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။
PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ (Ministry of Defence - National Unity Government of Myanmar)

၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ အကျဉ်းဦးစီးဝန်ထမ်း ၅၀၇ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲ ၂၈ ဦး CDM မှာ ပါဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ၁၁ လအတွင်းမှာတော့ စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီးဌာန ဝန်ထမ်းစုစုပေါင်း ၄၇၉ ဦး CDM မှာပါဝင်ခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၀ ရက် နေ့ ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါကြောင့် တစ်နှစ်အတွင်း CDM မှာ ပါဝင်လာတဲ့ အရေအတွက် ၅၀၇ ဦးအထိ ရှိလာတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်နဲ့ လူသစ်စုဆောင်းခံရသူတွေအပါအဝင် CDM ဝင်လိုတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး လာရောက်ခိုလှုံကြဖို့ NUG က တိုက်တွန်းထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ ၁၅၀၀၀ ကျော် ရှိလာပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။