၂၀၂၃ မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ၁၂၀ ကျော် ကူညီပေးခဲ့ကြောင်း STUM ပြော

တိုင်ကြားခံရမှု အများဆုံးက အလုပ်ထုတ်ခံရတာ၊ အချိန်ပိုဆင်းခိုင်းတာ၊ လုပ်ခလစာအပြည့်မပေးတာ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာအပါအဝင် ဥပဒေ ချိုးဖောက်တဲ့ ကိစ္စတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှ Yangon Fukuyama Apparel (YFA) အထည်ချုပ်စက်ရုံ အလုပ်သမားများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Solidarity of Trade Union Myanmar

၂၀၂၃ ခုနှစ်ထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်တဲ့ အကူအညီတောင်းခံစာပေါင်း ၁၅၀ ကျော်ရရှိခဲ့ပြီး အဲဒီအထဲက ၁၂၀ ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (Solidarity of Trade Union Myanmar - STUM) က ပြောပါတယ်။

တိုင်ကြားခံရမှု အများဆုံးက အလုပ်ထုတ်ခံရတာ၊ အချိန်ပိုဆင်းခိုင်းတာ၊ လုပ်ခလစာ အပြည့်မပေးတာ၊ အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာအပါအဝင် ဥပဒေ ချိုးဖောက်တဲ့ ကိစ္စတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် အလုပ်သမားပေါင်း လေးသောင်းကျော် (၄၀,၈၈၈) က တောင်းခံလာတဲ့ အမှုပေါင်း ၁၂၀ ကျော်ကို ကူညီဖြေရှင်းပေးနိုင်တာလို့ (STUM) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်မတို့ပြုစုထားတဲ့ စာရင်းတွေအရဆိုရင် ယောက်ျားလေး အလုပ်သမားပေါင်း ခုနစ်ထောင်ကျော် (၇၈၃၇ ဦး)၊  မိန်းကလေး အလုပ်သမားပေါင်း တစ်သောင်းခုနစ်ထောင်ကျော် (၁၇,၁၁၁ ဦး) နဲ့ ရွှေ့ပြောင်းအလုပ်သမား ဦးရေက လည်း တစ်သောင်းငါးထောင်ကျော် (၁၅,၉၄၀ ဦး) နဲ့ဆိုရင် အားလုံးစုစုပေါင်း လေးသောင်းကျော်တို့ရဲ့ အခက်ခဲတွေကို ဒီတစ်နှစ်အတွင်းမှာ ကူညီဖြေရှင်းပေး နိုင်တာပါ"

အကူအညီတောင်းလာတဲ့အထဲက ဆယ်မှုကိုတော့ ဆက်လက်ဖြေရှင်းနေဆဲပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

STUM စာရင်းတွေအရ အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရဆုံးစက်ရုံတွေဟာ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှာရှိတဲ့ Yangon Fukuyama Appeal -YFA နဲ့ သာဓုကန် စက်မှုဇုန်က ဟွာမြောင် (HONG MIAO) အထည်ချုပ်စက်ရုံတို့ ဖြစ်တယ်လို့ လည်း STUM တာဝန်ရှိသူက ပြောပါတယ်။

(STUM) ထံ အကူအညီပေးဖို့ ရောက်လာတဲ့အမှုတွေဟာ အဲဒီအထည်ချုပ်စက်ရုံ နှစ်ရုံအပါအဝင် စက်ရုံပေါင်း သုံးဆယ်ကျော်မှာရှိတဲ့ အလုပ်သမားတွေဆီကသာဖြစ်ပြီး STUM ကို ရောက်မလာတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ တခြား စက်ရုံတွေ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတွေဆီ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (Solidarity of Trade Union Myanmar - STUM) ဟာ ၂၀၁၆ ခုနှစ် ကတည်းက ရန်ကုန်၊ ဧရာဝတီနဲ့ မန္တလေးတိုင်းက အလုပ်သမား သမဂ္ဂတွေနဲ့  ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org