၂၀၂၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်ရှိနေ
2021.01.19
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စက်မှုလက်မှုအထက်တန်းကျောင်း GTI ရှေ့မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဒီနေ့ မနက်က လူ ၁၀ ယောက်ကျော် ဆန္ဒပြခဲ့ပါတယ်။
အဲဒီဆန္ဒပြသူတွေထဲက ဦးဆောင်သူတစ်ဦးနဲ့ ဝန်းရံသူ နှစ်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ အင်းစိန်မြို့နယ် စခန်းမှူး ဒုရဲမှူးတင်လတ် က RFA ကို ပြောပါတယ်။
"အမှုဖွင့်ထားပါတယ် ခင်ဗျ၊ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ဖွင့်ထားပါတယ် ဦးဆောင်သူကော ဝန်းရံသူရောပေါ့၊ ဦးသိန်းဦး၊ ဝေလင်းထက်နဲ့ ဇော်မင်းနိုင် ကိုပါ"
ဆန္ဒပြသူတွေက သတင်းမှန်ဖော်ထုတ်ပေးဖို့၊ တရားရေးကဏ္ဍက အမှုမှန်ဖော်ထုတ်ပေးဖို့၊ ဒီမိုကရေစီ တည်တံ့ရေး ပြည်သူ့ဆန္ဒဦးစားပေးဖို့နဲ့ တပ်မတော်က မဲစာရင်းစိစစ် ထုတ်ပြန်နေတာကို ကြိုဆိုတယ်ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း ကျောက်တံတား၊ ကမာရွတ်၊ ဗဟန်း၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ သံလျင်၊ မရမ်းကုန်း၊ အရှေ့ဒဂုံနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကိစ္စ ဆန္ဒပြခဲ့ကြသူတွေထဲက ၃၀ ကျော်ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အရ ပြစ်မှုထင်ရှားရင် အများဆုံးထောင်ဒဏ် သုံးလအထိ ကျခံရနိုင်ပါတယ်။
အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်က သတင်းစာရှင်းလင်းပွဲတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။
ဆန္ဒပြသူတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝန်းရံသူတွေ ဖြစ်တယ်ဆိုပြီး သတင်းမီဒီယာတွေမှာ ဖော်ပြနေပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကတော့ ပြည်သူကို လမ်းပေါ်ဆွဲထုတ်တဲ့ ပါတီမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
"ကျနော်တို့အနေနဲ့ ပြည်သူကိုဘယ်တုန်းကမှ လမ်းပေါ်ဆွဲမတင်ခဲ့ဘူး၊ ကျနော်တို့က ဥပဒေနဲ့အညီပဲ တရားဝင်ဆောင်ရွက်နေတာဖြစ်တယ်၊ ပြည်သူတွေကို လမ်းပေါ်ဆွဲတင်တဲ့ပါတီ မဟုတ်ဘူး ဥပဒေနဲ့ မညီညွတ်တာ တရားမျှတမှုမရှိတာကို ဥပဒေအညီဖြေရှင်းပေးဖို့ တောင်းဆိုနေတာပဲဖြစ်တယ်၊ ကျနော်တို့ ပါတီက တရားဝင်လည်း တောင်းဆိုနေတယ် ဒါကိုလည်း ကျနော်တို့ ကြေညာချက်တွေ ထုတ်တယ်၊ အကြောင်းကြားစာတွေပို့တယ်၊ ဒါကိုလည်း လေ့လာကြည့်ရင် သိလိမ့်မယ်၊ ကျနော်တို့သည် ပြည်သူလူထု လမ်းပေါ်တက်လာအောင် ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ ကျနော် ပြောချင်တယ်"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒလှမြင့်ပြောသွားတာပါ။ ဆန္ဒပြတောင်းဆိုချက် တွေကို မဖြေရှင်းပေးဘဲ ဖမ်းဆီးအရေးယူနေတာက အဖြေမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုတွေဆိုပြီး ထုတ်ပြန် နေတာ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ၂၂ ကြိမ်ရှိသွားပါပြီ။
တစ်နိုင်ငံလုံးအတိုင်းအတာအရ မြို့နယ် ၅၀ ကျော်မှာ မဲစာရင်းမသမာမှုလို့ ယူဆရတဲ့ မဲစာရင်းစုစုပေါင်း ခုနစ်သန်း ခြောက်သိန်းကျော်ရှိသွားပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ တပ်မတော်က ထုတ်ပြန်နေတဲ့ မဲမသမာမှုတွေလို့ယူဆရတဲ့ စာရင်းတွေအပေါ် သက်ဆိုင်ရာ အဖွဲ့ အစည်းအနေနဲ့ ဖြေရှင်းသင့် တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ စာရင်းတွေ ကျနော်တို့ တွေ့ရှိစစ်ဆေးထားတဲ့မှာတွေမှာ ခိုင်ခိုင်မာမာ စစ်ဆေးပြီးတော့ကျတော့ စာရင်းတွေ ထုတ်ပြန်တာပဲရှိတယ်။ အဲလိုမျိုးရှိနေတဲ့ အပေါ်မှာတော့ တာဝန်ရှိသူတွေ အနေနဲ့က ဒါတွေသည် ဖြေရှင်းသင့်တယ်လို့ ကျနော်တို့ မြင်တယ်။ မဖြေရှင်းဘူး ဆိုလို့ရှိရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်ဆိုတဲ့ ပုံရိပ် မသမာမှုမရှိပါဘူးဆိုတဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ်လို့ပဲ ကျနော်ပြောချင်ပါတယ်၊ ပါတီစုံဒီမိုကရေစီ စနစ်ကို တပ်မတော်အနေနဲ့ လမ်းခင်းပေးခဲ့တယ်၊ ဒီပေါ်မှာ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ဖို့အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးတယ်၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ဘူးဆိုလို့ ရှိရင် အခြေခံအချက်အလက်တွေအပေါ်မှာ ချိုးဖောက်တာမျိုးပဲ ဖြစ်ပါတယ်"
မဲစာရင်းမှားယွင်းမှုတွေ မသမာမှုတွေနဲ့ ပတ်သက်ပြီး သံသယရှိရုံ၊ စွပ်စွဲနေရုံနဲ့ ဖြေရှင်းလို့ရမှာ မဟုတ်ဘဲ ဥပဒေနဲ့ညီမှသာ ဖြေရှင်းလို့ရမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က တုံ့ပြန်ပါတယ်။
"မှားယွင်းမှုဆိုတာက သူတို့ရဲ့စခန်းကို တိုင်ထားတာတွေ ရှိပါတယ်၊ ကျနော်တို့ ကိုယ်စားလှယ်တွေကို ကန့်ကွက်ထားတာတွေ ရှိပါတယ်၊ အဲဒါပဲပြန်လည်ဖြေရှင်းဖို့ တာဝန်ရှိပါတယ် တိတိကျကျ ဘယ်နေ့ ဘယ်အချိန် ဘယ်အချိန် ဘယ်နေရာမှာ ဘယ်ပုဂ္ဂိုလ်က ဘယ်ဥပဒေချိုးဖောက်မှုလုပ်တယ် တိတိကျကျ ဖော်ပြမထားတာတွေကို ဖြေရှင်းလို့မရပါဘူး၊ ဥပဒေအရလည်း ခွင့်မပြုပါဘူး၊ ကျနော်တို့ ဥပဒေနဲ့အညီ ဖြေရှင်းဖို့ လိုတာအားလုံးကို ဖြေရှင်းပါမယ်၊ ဖြေရှင်းစရာမလိုတဲ့ဟာ အားလုံးကို တောင်းဆိုတယ် ဆိုရုံနဲ့ သံသယရှိတယ်ဆိုရုံနဲ့ ဘာကိုမှ ကျနော်တို့ ဖြေရှင်းလို့မရပါဘူး"
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မသမာမှုတွေကိစ္စ ကူညီဖြေရှင်းပေးဖို့ လာမယ့် ဇန်နဝါရီလ ၂၈၊ ၂၉ ရက်နေ့တွေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတချို့ သွားရောက်တောင်းဆိုဖို့ ပြင်ဆင်နေတာလည်း ရှိပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန္ဒပြနေတာဟာ လာမယ့်လွှတ်တော်သစ် ခေါ်ယူရေးမှာ သက်ရောက်မှု မရှိနိုင်ဘူးလို့ ရွေးကောက်ပွဲနဲ့ လွှတ်တော် စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် OMI က ဦးအေးကျော်က ပြောပါတယ်။
"ရွေးကောက်ဆိုင်ရာ ဖြေရှင်းတဲ့ Process လေးတစ်ခု ရှိနေသေးတယ်၊ အဲ Process လေးကို ကြည့်ဖို့တော့ လိုဦးမယ်လို့ထင်တယ်၊ နောက်တစ်ခုကတော့ သိပ်မကြာခင်မှာပဲ လွှတ်တော်အဆင့်အသီးသီးပေါ့နော် ပြည်ထောင်စုအဆင့် လွှတ်တော်တွေရော၊ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွေရော သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ ခေါ်ယူကျင်းပဖို့ဆိုတဲ့ဟာက ရှိလာမယ်လေ၊ ဒီဆန္ဒပြပွဲတွေက သိပ်သက်ရောက်မှု မရှိဘူးလို့ထင်တယ်"
တပ်မတော်က ထုတ်ပြန်နေတဲ့အထဲမှာ ရွေးကောက်ပွဲမစတင်ခင် ပါတီတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ စာသား ဆင်ဆာဖြတ်တောက်မှုတွေ၊ ကြိုတင်ဆန္ဒမဲ မဲစာအိတ်မလုံခြုံမှုတွေဟာ မဲမသမာမှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
ရွေးကောက်ပွဲ ကော်မရှင်ဆီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စာပေးပို့ တောင်းဆိုထားတာတွေ ရှိပေမယ့် ကော်မရှင်ကတော့ အကြောင်းပြန်တာ မရှိသေးပါဘူး။ လာမယ့် ဇန်နဝါရီ ၂၉ ရက်နေ့ဟာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အမျိုးသားရေးလှုပ်ရှားသူ ရှေ့နေ ဦးဇော်ဝိတ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ တိုင်ကြားထားတဲ့ကိစ္စ စစ်ဆေးမယ့်နေ့ ဖြစ်ပါတယ်။