၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်မြို့မှာ ဆန္ဒပြ
2014.07.27

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးကို အဟန့်အတားဖြစ်နေတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကွန်ရက်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ မြေနီကုန်းပန်းခြံကနေ ဗိုလ်စိန်မှန် အားကစားကွင်း အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဒီကနေ့ လမ်းလျှောက် ဆန္ဒပြပြီး တောင်းဆိုခဲ့ကြတာပါ။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကွန်ရက် အဖွဲ့ဝင် ကိုမြတ်ကျော် က တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး အခုလို ပြော ပါတယ်။
"တိုင်းရင်းသားတွေ အခန်းကဏ္ဍ သူတို့မှာ သူတို့ လိုချင်တာကတော့ ကျနော်တို့ သိသလောက်ပေါ့ ကိုယ်ပိုင်ပြဌါန်းခွင့် ကိုယ်ပိုင်ပြဌါန်းခွင့်ဆိုတဲ့နေရာ မှာ နှစ်ပိုင်းရှိတယ်၊ အချုပ်အခြာအာဏာ ပြဌါန်း ခွင့် တစ်ခု၊ ပြည်နယ်အလိုက် ပြဌါန်းခွင့်တစ်ခု အဲ့တော့ ပြည်နယ်အလိုက် ပြဌါန်းခွင့်ကိုပဲ သူတို့ကတောင်းတာ အချုပ်အခြာအဏာရဲ့ ပြဌါန်းခွင့် ကို ပြည်ထောင်စုကို အပ်မယ်ဆိုတဲ့ သဘောနဲ့ ကျနော်တို့ တွေ့ရတယ်၊ ဒါပေမယ့် ဖွဲ့စည်းပုံမှာကျတော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက ကိုယ့်ပြည်နယ်ကို အုပ်ချုပ်မယ့်လူတောင်ကိုယ် ရွေးလို့မရတဲ့ အနေအထားတွေရှိတယ်ဗျ၊ တိုင်းရင်းသားတွေအတွက်လည်း အဆင်မပြေပါဘူး"
ဒီလမ်းလျှောက်ဆန္ဒပြပွဲမှာ လူဦးရေ ၃၀၀လောက်ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားတာကို နားဆင်နိုင်ပါတယ်။