ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ "၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း" နဲ့ပတ်သက်ပြီး၊ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ အပေါ် ဒီကနေ့ အပြီးသတ်ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် သုံးဦးက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတွေကို လွှတ်တော်မှာ သီးခြားဆွေးနွေးခွင့်မရဘဲ "NLDနဲ့ တိုင်းရင်သားတွေဦးဆောင်တဲ့ ၄၅-ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်း ကော်မတီ" အောက်ထဲ တစ်ပေါင်းတည်း ဆွေးနွေးဖို့ စီစဉ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုမှုကို ပိတ်ပင်တားဆီးသလို ဖြစ်နေတယ်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင် က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ဒေါက်တာ မောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက စိစစ်သုံးသပ်ရာမှာ "အခုတင်သွင်းတဲ့ ဥပဒေမူကြမ်းနဲ့ အလားသဏ္ဍန်တူတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းတစ်ရပ်ကို ကျောင်းကုန်းမဲဆန္ဒနယ်က ဦးသိန်းထွန်းကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပထမအကြိမ် တင်သွင်းခဲ့သေးကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ စပ်လျဉ်းပြီး ပြင်ဆင်တဲ့ လုပ်ငန်းစဉ်နှစ်ရပ် အပြိုင်တင်သွင်းလာတဲ့အခါမှာ၊ သီးခြားဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ဖော်ပြထားတာမျိုး မရှိတာကြောင့် လွှတ်တော်အဆုံးအဖြတ်ကို ရယူခဲ့ကြောင်း၊ အဲဒီလို လွှတ်တော်အဆုံးအဖြတ် ရယူရမှာ၊ အဲဒီပြင်ဆင်ရေးမူကြမ်းကို ၄၅-ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်တွေမှာ တစ်ပေါင်းတည်း လေ့လာစိစစ်ဆောင်ရွက်သွားဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း" ဖော်ပြထားတာပါ။
ဒီဖော်ပြချက်အပေါ် တပ်မတော်သားလွှတ်တေ်ာ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး ဒေါ်သူဇာရွှေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမှုကြမ်းတွေ တင်သွင်းလာတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ရဲ့ ပြင်ဆင်ရေးလုပ်ငန်းစဉ်နဲ့အပြိုင် တင်သွင်းတဲ့သဘောမဟုတ်ဘဲ ဥပဒေကြမ်းနဲ့လုပ်ငန်းစဉ်တွေဟာ လာရာနဲ့ လားရာ ရည်ရွယ်ချက် မတူညီဘူးလို့ အစီရင်ခံပေါ် ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကတော့ ပြင်ဆင်ဖို့ တင်သွင်းလာတဲ့ ပြင်ဆင်ရေး ဥပဒေမူကြမ်းတွေကို ၄၅ ဦး ကော်မတီအောက် ထည့်သွင်းဆွဲသွင်းတာဟာ ပိုမိုကောင်းမွန်စေဖို့ဖြစ်ပြီး တင်သွင်းလာတဲ့သူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာမဟုတ်ကြောင်း ထောက်ခံဆွေးနွေးပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တင်သွင်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာ မောင်သင်း ကတော့ လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီအပါအဝင် ဒီကော်မတီကထွက်ရှိလာတဲ့ အစီရင်ခံစာဟာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေနဲ့ မညီတဲ့အတွက် ကန့်ကွက်ကြတာဖြစ်တယ်လို့ လွှတ်တော်အပြီး သတင်းထောက်တွေကို ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်ကို ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ဥပဒေမူကြမ်းမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချတဲ့ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ တင်သွင်းထားတာဖြစ်ပါတယ်။
ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၃ ဦးက သုံးရက်ကြာ ဆွေးနွေးခဲ့ကြရာမှုာ ဒီနေ့ တတိယနေ့မှာတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် သုံးဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာ ဒီနေ့ လွှတ်တော် နာယက က အသိပေးကြေညာခဲ့တာ မရှိပါဘူး။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)