၂၀၀၈ ဖွဲ့စည်းပုံဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ ရွှေပြည်သာ တရားရုံးမှာ ဝေငှ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့အချက်တွေကို ပြည်သူတွေသိရှိစေဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန့်ကျင်သူများအဖွဲ့က ဒီကနေ့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဖွဲ့စည်းပုံကိုဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့တယ်လို့ သိရပါတယ်။
-
2018-12-19 -
-
-
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေကို ပြည်သူတွေ သိရှိစေဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန့်ကျင်သူများအဖွဲ့က ဒီကနေ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် တရားရုံးမှာ ဖွဲ့စည်းပုံကို ဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ ဝေငှတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ရှိနေသေးတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန့်ကျင်သူများအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုလို လက်ကမ်းစာစောင်တွေ ဝေငှတာ သုံးကြိမ်မြောက် ရှိသွားပြီလို့ အဲဒီအဖွဲ့က ကိုနိုင်ဇော်ကြည်ဝင်းက RFA ကို ပြောပါတယ်။
စစ်တပ်က အာဏာကို ချုပ်ကိုင်ထားလိုပြီး လက်မလွှတ်လိုတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခဲ့တာလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆန့်ကျင်သူများအဖွဲ့က ပြောပါတယ်။
NLD အစိုးရ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်ကသာ လုပ်နေရတဲ့အတွက် ပင်လုံညီလာခံကိုလည်း သတ်မှတ်ချိန်ထိ ဆက်လက်မကျင်းပနိုင်တာ ဖြစ်တယ်လို့ ကိုနိုင်ဇော်ကြည်ဝင်းက ပြောပါတယ်။
အခြေခံလူတန်းစားတွေအနေနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး အခြေခံဥပဒေ ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို မသိရှိကြကြောင်းနဲ့ ဖွဲ့စည်းပုံမှာ ပါဝင်တဲ့အချက်တွေကို အခြေခံလူတန်းစာတွေသိရှိအောင် ဆင်ခြေဖုံးရပ်ကွက်တွေကို ဦးစားပေးပြီး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။