ဆရာဝန် ၁၉ ဦး ၅၀၅ (က)နဲ့ အမှုဖွင့်ခံရ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဖဲကြိုးနီလှုပ်ရှားမှုပါဝင်တဲ့ မန္တလေးက ဆရာဝန်တစ်ဦးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဖဲကြိုးနီလှုပ်ရှားမှုပါဝင်တဲ့ မန္တလေးက ဆရာဝန်တစ်ဦးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

နိုင်ငံတစ်ဝန်းပြည်သူ့ဆေးရုံကြီးတွေက ဆရာဝန် ၁၉ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ထားတယ်လို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီဆရာဝန်တွေဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်ပြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံ အားပေးတာကြောင့် အမှုဖွင့်ထားတာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှုဖွင့်ခံထားရတဲ့ဆရာဝန်တွေကတော့ ... နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံက ပါမောက္ခ ဒေါက်တာ နော်မာသေး၊ နေပြည်တော် ဒေါက်တာ မီမီစိန်တိုး၊ ဒေါက်တာ အောင်ကျော်သူ၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံကြီးက ဒေါက်တာ အိဇင်ငြိမ်း၊ တပ်ကုန်းမြို့နယ်က ဒေါက်တာ ထက်လင်း၊ ပျဉ်းမနားသံဃာ့ဆေးရုံက ဒေါက်တာ လှိုင်မို့မို့သူ၊ ကဝမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မောင်မောင်ချစ်၊ ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ကိုကိုနိုင်၊ ရေးမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ပိုင်၊ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မိုးကျော်သူ၊ တိုက်ကြီး ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နေမင်းမျိုးထွန်း၊ ရွာငံ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ခွန်ဝင်းလတ်၊ လွိုင်လင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မျိုးဇော်၊ ပင်လုံတိုက်နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ စိုင်းမြတ်သူရ၊ နမ့်စန် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်နိုင်ဦး၊ တန့်ယန်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်ဦး၊ ဗန်းမော်မြို့နယ် ခုတင် ၂၀၀ ဆေးရုံက ဒေါက်တာ ဝါဝါမင်းနဲ့ ဒေါက်တာ ဆွေဆွေလှိုင်နဲ့ ထားဝယ်မြို့က ကျန်းမာရေးမှူး ဒေါက်တာ ကျော်စွာလွင် တို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တရားစွဲခံရတဲ့ ဆရာဝန်တွေထဲမှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ က ဆရာဝန်တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပထမဆုံး ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့သူ မမြသွဲ့သွဲ့ခိုင်ကို ကုသပေးခဲ့သူတွေ ဖြစ်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ကို စစ်ကောင်စီက ပစ်လိုက်တဲ့ကျည်ဟာ ကျည်ဆံအစစ်မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆိုခဲ့ပေမယ့် အဲ့ဒီဆရာဝန်အဖွဲ့ကတော့ ကျည်အစစ်ဖြစ်ကြောင်း သတင်းမီဒီယာတွေမှာ ပြောဆိုခဲ့သလို မမြသွဲ့သွဲ့ခိုင်ကို စစ်တပ်ဆေးရုံကို ပြောင်းရွှေ့ဖို့တောင်းဆိုချက်ကိုလည်း သူတို့က ပယ်ချခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ စာပေအနုပညာရှင်တွေ၊ အွန်လိုင်းမှာ နာမည်ကြီးသူ အယောက် ၁၂၀ ကျော်ကို ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့ပြီးနောက် အခု ဆရာဝန်တွေကိုလည်း ထပ်မံတရားစွဲနေတာပါ။

ဆရာဝန်တွေ ကျန်းမာရေး ဝန်ထမ်းတွေဟာ လမ်းမပေါ်ထွက် ဦးဆောင်ဆန္ဒပြနေကြသလို စစ်အာဏာ ဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။

ရုံးမတက်ဘဲ CDM မှာပါဝင်နေတာကြောင့် အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေ မရှိပေမယ့် လူနာတွေ အဆင်ပြေအောင် ရပ်ကွက်တွေထဲမှာ ရွေ့လျားလိုက်လံ ကုပေးနေကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဆရာဝန်တွေကိုလည်း လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေကြရပါတယ်။