မြောင်မြို့နယ်မှာ ငါးလအတွင်း ၁၇ ရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှ မယ်မသော်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှ မယ်မသော်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ် (Photo: CDSOM)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နောက် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မေလ ၂၄ ရက်နေ့အထိ ရွာပေါင်း ၁၇ ရွာ က အိမ်ခြေပေါင်း ၅၁၆ လုံးဟာ မီးရှို့ဖျက်ဆီးခံခဲ့ရ တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ် ရေးနဲ့ လုံခြုံရေးအဖွဲ့က မေလ ၂၇ ရက်နေ့ ဒီနေ့ပြောပါတယ်။

အဲဒီ ၁၇ ရွာထဲက ၁၄ ရွာဟာ အခု မေလ တစ်လတည်းမှာပဲ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ကျန်တဲ့ သုံးရွာက ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတည်းမှာ မီးရှို့ခံခဲ့ရတဲ့ ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့အထဲမှာ ဘာသာရေးအဆောက်အအုံတွေ၊ နေအိမ်တွေ၊ ရွာရဲ့ ဘုံပိုင် (အများပိုင်) ပစ္စည်းတွေ၊ လယ်ယာသုံး စက်ပစ္စည်းတွေနဲ့ ဆေးပေးခန်းတွေပါဝင်ခဲ့ပြီး အိမ်ထောင်စု ပေါင်း ၃၂၈ စုရှိတဲ့ လူပေါင်း ၁၂၆၁ ဦးဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မေလထဲမှာ ရွာတွေ မီးရှို့ခံရတာ ပိုများတယ်။ ရေစကြို ရေလယ်ကျွန်းကရွာတွေကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းက မြောင်မြို့နယ်ထဲက ရွာတွေကို ဝင်မွှေတာ။ မီးရှို့ခံရလို့ နေစရာမရှိတဲ့သူတွေ တချို့က ဘုန်းကြီးကျောင်းတွေမှာ နေ နေရတယ်။ မိုးရာသီလည်း ရောက်ပြီဆိုတော့ အရမ်းခက်ခဲနေကြတယ်”

ဇန်နဝါရီလထဲမှာ မီးရှို့ခံခဲ့ရတဲ့ ရွာတွေက နဘက်ရွာသစ်၊ ဆွဲလဲအိုနဲ့ ချောင်းဆင်းရွာတွေ ဖြစ်ကြပါတယ်။

မေလထဲမှာ မီးရှို့ခံခဲ့ရတဲ့ရွာတွေက မြစ်ဆုံ၊ ပန်းညို၊ ညောင်ကားယား၊ ကူးတို့ကုန်း၊ ရွာပုလဲ၊ ပေါက်ချောင်း၊ ငနန်းကျွန်း၊ မယ်မသော်၊ နေပူကုန်း၊ နဂါးပေါက်၊ မင်းတန်း၊ အညွန့်၊ ပေါက်တော (အရှေ့ရွာ) နဲ့ ဖွားစောရွာတွေ ဖြစ်ကြပါတယ်။

ရွာအများစုက မြောင်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြစ်ကမ်းတစ်လျှောက်က ရွာတွေအပါအဝင် မြစ်နဲ့ နီးတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မီးမရှို့ခံရတဲ့ရွာတွေနဲ့ ဒေသတွင်း အလှူရှင်တွေကပဲ ပြည်သူကနေ ပြည်သူသို့ ပုံစံနဲ့ ကူညီထောက်ပံ့တာတွေ လုပ်နေရပြီး တခြားအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ရောက်လာတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာ မိုးတွင်းရောက်လာပြီဖြစ်တာကြောင့် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်ထဲက ရွာ ၁၇ ရွာ မီးရှို့ခံရမှုမှာ ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ကျပ် ငါးဘီလီယံကျော် (၅,၀၉၀,၂၀၀,၀၀၀) ရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က တွက်ချက်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့စစ်ကြောင်းတွေဟာ ကျေးရွာတွေထဲ ဝင်ရောက်တာမရှိသလို အိမ်တွေ မီးရှို့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ဟာလည်း စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။