တစ်လအတွင်း လူ ၁၇ ဦး မီးရှို့အသတ်ခံရပြီး နေအိမ် ၁၅၅၃ လုံး မီးရှို့ခံရကြောင်း NUG ပြော

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM)

နိုင်ငံတစ်ဝန်းမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ လူ ၁၇ ဦး မီးရှို့ အသတ်ခံခဲ့ရသလို နေအိမ် ၁၅၅၃ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူ၀င်မှု ကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ခံ မီးသတ်ဦးစီးဌာနက နိုဝင်ဘာလ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မီးရှို့အသတ်ခံရတာဟာ စစ်ကိုင်းတိုင်းမှာ လူ ၁၃ ဦးနဲ့ မကွေးတိုင်းမှာ လေးဦးဖြစ်တယ်လို့ ဆိုပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်တွေကတော့ စစ်ကိုင်းတိုင်းမှာ နေအိမ် ၁၀၄၄ လုံးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာတော့ နေအိမ် ၄၇၀ နဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေထက် မြေပြင်အချက်အလက်တွေက ပိုများနိုင်တယ်လို့လည်း ဆိုပါ တယ်။

ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေနဲ့ နေအိမ်တွေကို မီးရှို့တာနဲ့ သတ်ဖြတ် တာတွေဟာ တပ်မတော်ရဲ့ လက်ချက်မဟုတ်ဘဲ PDF တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထား ပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဩဂုတ်လ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ မီးရှို့ခံရတဲ့ နေအိမ်ပေါင်း ၂၈,၄၃၄ လုံးရှိတယ်လို့ ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။