ကျိုက်နဲဘုရား ရေနစ်မြုပ်မှု ဒီမနက် အလောင်းတစ်လောင်း ထပ်မံဆယ်ယူရရှိ

2021.11.22
ကျိုက်နဲဘုရား ရေနစ်မြုပ်မှု ဒီမနက် အလောင်းတစ်လောင်း ထပ်မံဆယ်ယူရရှိ ကျိုက်နဲရေလယ်ဘုရားမှာ ရေနစ်မြုပ်မှုသေဆုံးသူတစ်ဦးကို လူမှုကူညီရေးအသင်း သယ်ဆောင်လာစဉ်
ဓာတ်ပုံ - သုခမေတ္တာ လူမှုကူညီရေးအသင်း

မွန်ပြည်နယ် သံဖြူဇရပ်မြို့က ကျိုက်နဲရေလယ်ဘုရား ရေနစ်မြုပ်မှုကနေ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ မနက်ပိုင်း မှာ အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ၁၆ လောင်း ဆယ်ယူရရှိခဲ့တယ်လို့ သုခမေတ္တာ လူမှုကူညီရေးအသင်းက RFA ကို ပြောပါတယ်။

မနေ့က အလောင်း ၁၅ လောင်း ရှာတွေ့ရာကနေ ဒီနေ့ မနက် ၁၀ နာရီမှာ အမျိုးသားအလောင်း တစ်လောင်း ထပ်မံဆယ်ယူရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

သံဃာတော် တစ်ပါး၊ အမျိုးသား နှစ်လောင်း၊ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ အမျိုးသမီး ရုပ်အလောင်း ၁၂ လောင်းတို့ဖြစ်ပြီး အားလုံး သံဖြူဇရပ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ကျိုက်နဲရေလယ်ဘုရားပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော်နေ့တွေမှာ ကျင်းပလေ့ရှိပြီး ရေလယ်မှာ တည်ထားတဲ့ ဘုရားဆီကို ဒီရေအတက်အကျအပေါ် မူတည်ပြီး ပေါ်လာတဲ့ ဒေသအခေါ် "နတ်လမ်း" ကနေ လမ်းလျှောက်သွားခဲ့သလို စက်လှေနဲ့လည်း တစ်ဆင့်သွားခဲ့ကြတာပါ။

အဲဒီ "နတ်လမ်း" ကနေ ဘုရားအထိ တစ်မိုင်ခွဲကျော် အကွာအဝေးမှာရှိပြီး နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက ဘုရားဖူးတွေဟာ ရေစီးသန်ခဲ့တာကြောင့် ရေနစ်မြုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာ ၂၁ ရက်နေ့က ဒီရေနစ်မြုပ်မှုကနေ အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိတယ်လို့ RFA အနေနဲ့ လူမှုကူညီရေးအဖွဲ့တွေကို အခြေခံပြီး ရေးသားဖော်ပြထားပေမယ့် မြေပြင်မှာကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အဖွဲ့တွေ များတဲ့အတွက် ကွဲလွဲမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။