ကန့်ဘလူမှာ တစ်ပတ်အတွင်းနေအိမ် ၁၆၀ နီးပါးမီးရှို့ခံရ

2022.11.03
ကန့်ဘလူမှာ တစ်ပတ်အတွင်းနေအိမ် ၁၆၀ နီးပါးမီးရှို့ခံရ စစ်ကိုင်တိုင်း၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်တိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ ကျေးရွာလေးရွာက နေအိမ် ၁၆၀ နီးပါးကို စစ်ကောင်စီ တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်ကစပြီး ကန့်ဘလူ တောင်ဘက်အခြမ်းကို အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေတာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်မှာ သိန်ရင်ဆည်အနီးမှာရှိတဲ့ ဉာဏ်အင်းရွာက နေအိမ် ကိုးလုံး၊ ရွာမရွာက နေအိမ် ၁၀ လုံးနဲ့ အင်းလယ်ကြီးရွာကနေအိမ် ၁၂၆ လုံး မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက သိန်ရင်ဆည်တောင်ဘက်မှာရှိတဲ့ ဉာဏ်အင်း၊ ရွာမ၊ အင်းလယ်ကြီး ရွာတွေကစပြီး မီးရှို့တယ်။ မီးဘေးသင့်ပြည်သူတွေကတော့ ဒုက္ခရောက်တာပေါ့ဗျာ။ စစ်ကြောင်းက ရုတ်တရက်ဝင်လာတယ်။ လက်နက်တွေနဲ့ ပစ်ပြီး ဝင်လာတော့ စားဖို့၊ နေဖို့ ဘာမှယူချိန်မရဘဲ ဒီအတိုင်းထွက်ပြေးကြရတာ။ ထောထဲရောက်တော့ နေစရာအမိုးအကာတောင်မရှိဘူး”

အောက်တိုဘာ ၃၁ ရက်နေ့ကလည်း အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ မဲသည်ကျေးရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီကျေးရွာအနီးတွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

ကျေးရွာ လေးရွာက နေအိမ် ၁၆၀ မီးရှို့ဖျက်ဆီးခဲ့တာဟာ စစ်ကောင်စီတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပေမယ့် RFA အနေနဲ့သီးခြားအတည် မပြု နိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၅,၃၇၇ လုံး မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။