ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို ကယ်တင်လွှဲပြောင်းခဲ့ကြောင်း AA ပြော

RFA Burmese
2024.10.14
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို ကယ်တင်လွှဲပြောင်းခဲ့ကြောင်း AA ပြော အာရက္ခတပ်တော် (AA) မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က လွှဲပြေားပေးအပ်ခဲ့စဉ်။
AA Info Desk Photo

ဘင်္ဂလားပင်လယ်အော်အတွင်း ပင်လယ်ဓားပြ အတိုက်ခံရပြီး စွန့်ပစ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို အာရက္ခတပ်တော် (AA) က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရေလုပ်သားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ထဲမှာ နေထိုင်ကြသူတွေဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့က ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းဖို့ ထွက်လာခဲ့ကြတာပါ။ ပင်လယ်ပြင်ထဲမှာ ငါးဖမ်းနေချိန် အောက်တိုဘာလ ၄ ရက်နေ့မှာတော့ အင်အား ခြောက်ဆယ်ခန့်ပါ ပင်လယ်ဓားပြအဖွဲ့က ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

ပင်လယ်ဓားပြအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို သေနတ်ဒင်၊ တုတ်တွေနဲ့ ရိုက်နှက်ပြီး စက်လှေမှာ ပါလာတဲ့ ငွေကြေး၊ ဖုန်းနဲ့ စားနပ်ရိက္ခာ၊ လောင်စာဆီတွေကို ယူဆောင်သွားခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာတော့ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ စက်လှေကိုတွေ့ခဲ့ရပြီး ရေလုပ်သား ၁၆ ဦးလုံး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) က ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးခဲ့သလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဆက်သွယ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြန်လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း AA ထိန်းချုပ်ရာ မြန်မာရေပိုင်နက်ဖြစ်တဲ့ နတ်မြစ်အတွင်း ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားငါးဦးကို AA က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။