မြန်မာကလေးငယ် တစ်သိန်းခွဲခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အချိန်တစ်နှစ်အတွင်း ကလေးသူငယ် အနည်းဆုံး တစ်သိန်းခွဲခန့်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်တဲ့ Save The Children က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှု တစ်နှစ်ရှိလာချိန် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းတွေ၊ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေအပေါ် ပြင်းထန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသလို ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကယားပြည်နယ်က IDPs စခန်း ဗုံးကြဲခံရမှုအပါအဝင် ကယားနဲ့ စစ်ကိုင်းမှာ စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအကြား ကလေးငယ်တွေ သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"ပြီးခဲ့တဲ့ တစ်နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ကလေးသူငယ် တစ်သိန်းခွဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ စိတ်မချမ်းမြေ့စရာပါ။ ဒီကလေးငယ်တွေဟာ သူတို့ရဲ့ကျောင်းတွေ၊ အိမ်တွေ၊ သူငယ်ချင်းတွေနဲ့ တကွဲတပြားစီ နေထိုင်နေရပါတယ်။ ကလေးငယ်တွေနဲ့ သူတို့မိသားစုတွေဟာ ရွေးချယ်စရာမရှိတဲ့အတွက် ခံစားနေရပါတယ်။ တောတွေထဲမှာ ပုန်းအောင်းနေရတာတွေနဲ့ ဆိုးရွားတဲ့အခြေအနေတွေမှာ နေထိုင်နေရတာကို မြင်တွေ့ ရပါတယ်။ Save the children အဖွဲ့အနေနဲ့ အရေးတကြီး လိုအပ်နေတာတွေကို ထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေဟာ အစား အသောက်၊ သန့်ရှင်းတဲ့ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အနည်းငယ်ပဲ ရရှိပါတယ်" လို့ Save The Children အဖွဲ့ စီအီးအို Inger Ashing ကပြောပါတယ်။
လတ်တလော ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း တိုက်ပွဲတွေကြောင့် အနည်းဆုံးအရပ်သား ၄၀၅၇၀၀ ဦးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။ အချက်အလက်တွေအရ ပြီးခဲ့တဲ့လအတွင်း ၂၇ ရာခိုင်နှုန်းအထိ တိုးလာတာ ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးသူရဲ့ ၃၇ ရာခိုင်နှုန်းဟာ ကလေး သူငယ်တွေ ဖြစ်တယ်လို့ Save The Children က ဆိုပါတယ်။
ကယားပြည်နယ် အရှေ့တောင်ပိုင်းမှာ အကြမ်းဖက်မှုတွေဟာ ဒီလအတွင်း အထူး အရှိန် မြင့်လာပြီး လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း အဲဒီဒေသက ဒုက္ခသည်စခန်း ဗုံးကြဲခံရလို့ ဆယ်ကျော်သက် နှစ်ဦး သေဆုံးခဲ့ရကြောင်းလည်း ပြောပါတယ်။
လက်ရှိ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီကစပြီး ကယားပြည်နယ် အတွင်း အရပ်သား ၉၁၄၀၀ ဦး ထွက်ပြေးနေရတယ်ဆိုပေမယ့် ဒေသတွင်း အစီရင်ခံစာ တွေက ဒီပမာဏထက်ပိုပြီးများတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး အနည်းဆုံးလူ ၃၅ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်အတွင်း Save The Children ဝန်ထမ်း နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးက ဒေသအချို့ နဲ့ ကရင်ပြည်နယ်က စီမံကိန်းတွေကို Save The Children က ယာယီ ရပ်ဆိုင်းထားပါတယ်။
Save The Children ဟာ မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်က စလို့ ကျန်းမာရေး၊ အာဟာရ၊ ပညာရေးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို မိတ်ဖက် အဖွဲ့အစည်း ပေါင်း ၅၀ ကျော်၊ ဝန်ထမ်းပေါင်း ၉၀၀ ကျော်နဲ့ နိုင်ငံနှင့်အဝှမ်း ဆောင်ရွက်နေတာပါ။