ပေါက်မြို့နယ် ဇီးတောရွာသားတစ်ဦး အသတ်ခံရပြီး နေအိမ် ၁၅၀ ခန့်မီးရှို့ခံရ
2023.04.25

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးတောရွာက နေအိမ် ၁၅၀ ခန့်ကို ဧပြီလ ၂၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ခဲ့ပြီး ရွာသားတစ်ဦးကိုပါ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
ဇီးတောရွာသား စိတ်ကျန်းမာရေးဝေဒနာသည် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကိုပါ သတ်ဖြတ်ပြီး မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ မနက် ၁ နာရီက ပေါက်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပင်တောင် ရွာက ပျူစောထီးတွေ ဇီးတောရွာ အနောက်ဘက်ချောင်းအနီးမှာ တိုက်ပွဲဖြစ်ပြီး ပျူစောထီးလေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရွာအနားက ပင်တောင်၊ ဝန်ခြုံး၊ တပ်ကုန်းနဲ့ ရွာသစ်ရွာတွေက ပျူစောထီးတွေ ဟာ ဇီးတောရွာကို ဝင်ရောက်မီးရှို့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင် တွေ့ခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဇီးတောက မနေ့က အရှို့ခံရတာဗျ။ နေအိမ်က ၁၅၀ လောက်တော့ ပါသွားတယ်ဗျ။ ရွာသားတွေ အကုန်လုံးက တောထဲမှာ နေကြတယ်ဗျ။ ရွာထဲမှာက အသက် ၄၀ ယောက်ျားသား တစ်ယောက်ရှိတယ်။ သူကလည်း စိတ်မနှံ့တဲ့သူလို့ ပြောရမှာပေါ့။ အဲဒီတစ်ယောက်ကို သူတို့ မီးရှို့သွားတယ်ဗျ"
အိမ်ခြေနှစ်ရာခန့်ရှိတဲ့ ဇီးတောရွာကို အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပျူစောထီးအားကောင်းတဲ့ ရွာတွေက ဝင်ရောက်မီးရှို့တာသုံးကြိမ်ရှိနေပြီး အခုတစ်ကြိမ်က အများဆုံးမီးရှို့ခံရတာလို့ ပြောပါတယ်။
ဇီးတောရွာအနီးမှာရှိတဲ့ သပြေအေးရွာကိုလည်း ပြီးခဲ့တဲ့တစ်ပတ်ခန့်မှာ သစ်ချိုကုန်းရွာက ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇီးတောရွာရဲ့ တောင်ဘက်အခြမ်းက ရွာတွေမှာရှိတဲ့ ဒေသခံတွေကတော့ ပျူစောထီး အားကောင်းတဲ့ ရွာတွေနဲ့နီးစပ်တာကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာ တစ်နှစ်ကျော်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်လက်ခံဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် မကွေးတိုင်းမှာ နေအိမ် ၉၀၁၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။