၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားနဲ့ အဲဒီအရေးတော်ပုံကာလအတွင်းက မန္တလေးမြို့မှာ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကို ဂါရဝပြုတဲ့ အခမ်းအနားကို မန္တလေးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့ သံဃာတော် ၇ ပါးနဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကိုဂုဏ်ပြု တဲ့ မော်ကွန်းကျောက်စာကို ဟံသာဝတီ ဦးဝင်းတင်က ဖွင့်လှစ်ပေးခဲ့ပြီး ဒီနေ့ခေတ်မှာလည်း ၁၃၀၀ ပြည့် အရေးတော်ပုံစိတ်ဓာတ်ကို မွေးမြူကြဖို့ တိုက်တွန်းပြောကြားခဲ့တာပါ။
"ဒီလိုစိတ်ဓာတ်မျိုးကို ဆက်ပြီးတော့ မွေးသွားဦး မှာပါ၊ အရေးတော်ပုံကြီးဟာ မပြီးသေးဘူးဆိုတာ ကို ကျနော်ပြောချင်ပါတယ်၊ လယ်သမားတွေကို လယ်သိမ်းမြေသိမ်း၊ ပြည်သူလူထုတွေကို ရွာဖျက် အိမ်တွေဖျက်၊ တိုင်းရင်းသားဒေသမှာ သူတို့ရဲ့ ပိုင်နက်တွေ၊ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့အခါကျတော့ ရှေ့လျှောက်ပြီးတော့ ဒီလိုဟာမျိုး အရေးတော်ပုံ ကြီး ပေါ်ပေါက်လာမှာပဲလို့ ကျနော်ပြောချင်ပါတယ်"
ဒီနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၁၃၀၀ ပြည့် အရေးတော်ပုံကရရှိခဲ့တဲ့ နိုင်ငံရေးသင်ခန်းစာတွေ၊ စုစည်းညီညွတ်မှုတွေ စိတ်ဓာတ်ခွန်အားတွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီလှုပ်ရှားမှု ခရီးလမ်းမှာလည်း မန္တလေးမြို့က ရဟန်းရှင်လူပြည်သူလူထု လူထုလူတန်းစားအသီးသီး ဆက်လက်ပါဝင် လျှောက်လှမ်းကြဦးမယ်ဆိုတာ ယုံကြည်ကြောင်း သဝဏ်လွှာထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ဒီနေ့အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးနဲ့ အထက်မြန်မာပြည်က ရဟန်းသံဃာတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး မဟာမုနိဘုရား အနောက်ဘက်မုဒ်ကနေ မန္တလေး အာဇာနည်ဗိမာန်ကိုချီတက်ပြီး ကျဆုံးသွားတဲ့ အာဇာနည် ၁၇ဦးကို အလေးပြုခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။