လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိ

RFA Burmese
2023.10.08
လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိ ၂ဝ၂၁ မတ်လအတွင်း ရန်ကုန်မြို့တွင် လူမှုကွန်ရက် ဖေ့စ်ဘွတ် အသုံးပြုနေသူတစ်ဦးအား တွေ့ရစဉ်။
AFP

လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုတွေ လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူ ၁၃၁၆ ဦး ရှိတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က အောက်တိုဘာလ ၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီက သတိပေးခဲ့ပါတယ်။

ဒီလိုသတိပေးပြီး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ခုနှစ် စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေးကို အားပေးတဲ့ရေးသား ပြောဆိုမှုတွေကြောင့် နိုင်ငံတစ်ဝန်းက လူပေါင်း ၁၃၁၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ရန်ကုန်တိုင်းက ၃၂၃ ဦးနဲ့ အများဆုံးဖမ်းဆီးခံခဲ့ရပြီး မန္တလေးတိုင်းက ၂၈၄ ဦးနဲ့ ဒုတိယအများဆုံး ဖမ်းဆီးခံရတာပါ။ အဲဒီနောက်မှာတော့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေက ဖမ်းဆီးခံရမှုအများဆုံး ဒေသတွေအဖြစ် အစဉ်အတိုင်းရပ်တည်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၆ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၁၉၆၆၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက်ထုတ် အစီရင်ခံစာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။