မတူပီတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးကြောင်း CDF ပြော
2022.01.27
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ် တွေအကြား ဇန်နဝါရီ ၂၆ ရက် မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့တယ်လို့ မတူပီ CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ပါတယ်။
မနေ့မနက်ပိုင်းက မတူပီ-မင်းတပ် လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ မတူပီ CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ညနေ ၄ နာရီအချိန်လောက်မှာလည်း မတူပီ - ပလက်၀လမ်းမပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ကြတာလို့ဆိုပါတယ်။
မတူပီ-မင်းတပ် လမ်းမပေါ်က မနက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး ညနေပိုင်း မတူပီ-ပလက်ဝလမ်းပေါ်က တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့တယ်လို့ မတူပီ CDF ပြောရေးဆိုခွင့် ရှိသူကပြောပါတယ်။
CDF အဖွဲ့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဒီတိုက် ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုလည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း မတူပီ-မင်းတပ် လမ်းမှာရှိတဲ့ ချန်ပြန်းရွာဟောင်း အနီးမှာ မတူပီကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ မတူပီ CDF က တိုက်ခိုက် ခဲ့ရာမှာ တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF မတူပီ အဖွဲ့က ထုတ်ပြန်ထား ပါတယ်။