ပွင့်ဖြူမြို့အနီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ပစ်သတ်ခံရ

2022.06.22
ပွင့်ဖြူမြို့အနီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ပစ်သတ်ခံရ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မဲဇလီကြိုးတံတား အနီးမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားမီးလောင်ပျက်စီးနေသည်ကိ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar Military

ဇွန်လ ၂၂ ရက် ဒီနေ့မနက်ပိုင်းက မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မဲဇလီကြိုးတံတား အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ပစ်သတ်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ တပ်ဖွဲ့ဝင် သုံးဦး အဖမ်းခံလိုက်ရတယ်လို့ ပွင့်ဖြူမြို့နယ် PDF တပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီလောက်က စလင်းမြို့နယ်ဘက်က မောင်းနှင်လာတဲ့ ခြောက်ဘီးတပ် အနီရောင် ကားတစ်စီးကို ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်း မဲဇလီတံတားအနီးမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက တားဆီးစစ်ဆေးစဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာတဲ့ PDF တပ်ဖွဲ့ဝင် ၁၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် PDF တပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ တပ်ဖွဲ့တာဝန်ခံ ကိုကျားကြီးက ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

ဒါပေမဲ့ အခုသေဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ပွင့်ဖြူမြို့နယ်က မဟုတ်ဘဲ မကွေးတိုင်း ဘယ်မြို့နယ်က တပ်ဖွဲ့ဝင်တွေလဲဆိုတာကို စုံစမ်းနေဆဲလို့ ကိုကျားကြီးက ပြောပါတယ်။

"အခြားမြို့နယ်ကအဖွဲ့တွေ မဲဇလီကြိုးတံတားထိပ်မှာ နှစ်ဖက်ထိတွေ့မှုဖြစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံး ဖမ်းဆီးခံရတာ ရှိတယ်။ သူတို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရတယ်။ ထိတွေ့မှုဖြစ်ပြီးနောက်ပိုင်း ကျနော်တို့ မြို့နယ်အဖွဲ့ကို အကူအညီလှမ်းတောင်းတာလေးတွေ ရှိတယ်။ ကျနော်တို့လည်း ကူညီနေတယ်။ ကျန်ရှိနေတဲ့သူတွေအကုန်လုံး ဘေးကင်းပြီဆိုတဲ့အချိန်ကျရင် အသေးစိတ်ဖြေပေးလို့လည်း ရပါတယ်။ ကျနော်တို့ မြို့နယ် Page ကနေလည်း ထုတ်ပြန်ကြေညာ သွားပါမယ်ဗျ"

RFA က လက်ခံရရှိတဲ့ ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်ကြေးနန်းစာမှာလည်း စလင်းမြို့ ဘက်ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း မောင်းနှင်လာတဲ့ ခြောက်ဘီးတပ် အနီရောင် ကားတစ်စီးကို မဲဇလီ ကြိုးတံတားအနီး လုံခြုံရေး ယူထားတဲ့ ဗိုလ်မှူးမင်းပိုင်စိုး ဦးဆောင်တဲ့ အဖွဲ့က ရပ်တန့်စစ်ဆေးရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာကြောင့် PDF တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး သုံးဦးကို အရှင်ဖမ်းမိတယ်၊ အဲဒီအထဲက နှစ်ဦးရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဥ်ကနေ KA 25 အမျိုးအစား သေနတ် ၂၅ လက်နဲ့ ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်ကို သိမ်းဆည်းရမိပြီး လက်နက်တချို့ ပျက်စီးသွားတယ်လို့ ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်သတင်းပို့စာမှာ ဖော်ပြထားပါတယ်။

ဒေသခံတချို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးထားတဲ့ လက်နက် တွေကို သယ်ယူလာတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ကားကို မဲဇလီကြိုးတံတားအနီး လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က RPG နဲ့ ပစ်ခတ်တာကြောင့် လူ ၁၂ ဦးအထိ သေဆုံးခဲ့ရတာလို့ ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒီကိစ္စ အသေးစိတ် သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ချက်ချင်း ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်တပ်ထောက်ခံသူတွေရဲ့ အင်တာနက်စာမျက်နှာတွေကနေ ရရှိတဲ့ ဓာတ်ပုံတွေအရ သေဆုံးနေတဲ့ PDF တပ်ဖွဲ့ဝင် ၁၂ ဦးရဲ့ ခန္ဓာကိုယ်တွေဟာ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးပြီး သေဆုံးနေတာကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။