ရန်ကုန်တိုင်း ဒလမြို့နယ်က PDF ၂၁ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက နိုဝင်ဘာလ ၃ ရက် မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။
အဖမ်းခံရသူ ၂၁ ဦးထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး လေးဦးပါဝင်ပြီး သူတို့တွေက ရန်ကုန်တိုင်းအတွင်းမှာ ဖောက်ခွဲမှု လေးကြိမ်၊ ပစ်ခတ်သတ်ဖြတ်မှု ခြောက်ကြိမ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးက A ဘဏ်နဲ့ ရတနာရွှေဆိုင်ကို ဓားပြတိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ဖမ်းဆီးခံရမှုက မှန်ပေမယ့် အားလုံးကို အတည်မပြုနိုင်သေးဘူးလို့ Yangon UG Association (YUA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ဖြစ်ရပ်ကတော့ ဖြစ်ရပ်အမှန်ပါဗျ။ အကုန်လုံးကို အတည်ပြုပေးဖို့တော့ မလွယ်ပါဘူး။ ဖမ်းခံလိုက်ရတာလည်း အမှန်ပါပဲ။ အခုကတော့ ဦးတဲ့သူ စားတာပဲ။ ဘယ်သူက ပိုဗျူဟာမြောက်လဲပေါ့။ ဗျူဟာမြောက်တဲ့သူက ပိုသာသွားမှာပဲ။ UG အနေနဲ့ကတော့ ဒီလိုပဲ မြင်ပါတယ်။ အတတ်နိုင်ဆုံးတော့ ကိုယ့်လုံခြုံရေးစည်း မပေါက်အောင် အရင်ထက်ပိုပြီး ထိန်းဖို့လာတယ်ပေါ့”
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူကို လုပ်ကြံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းလျား မြို့ပြပြောက်ကျားအဖွဲ့ (IUF) အဖွဲ့ဝင် လူငယ် ၁၀ ဦးကို ဖမ်းဆီးထား ကြောင်းလည်း စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၂,၈၃၉ ဦးထိ ရှိပါတယ်။