မလုံခြုံမှုတွေကြား ရုန်းကန်နေရတဲ့ ရန်ကုန်မြို့က အငှားယာဉ်မောင်း အမျိုးသမီးများ

စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာလည်း တစ်စတစ်စ ကင်းမဲ့လာပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အမျိုးသမီး တက္ကစီယာဉ်မောင်းတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် အကူအညီရနိုင်မယ့် ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး ရုန်းကန်လာနေကြရပါတယ်။

ရန်ကုန်မြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အမျိုးသမီးကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: RFA

စစ်အာဏာသိမ်းပြီး အချိန်တစ်နှစ်ကျော် ကြာလာချိန် ရန်ကုန်မြို့မှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု စတဲ့ ဒုစရိုက်မှုတွေဟာ နေရာအနှံ့ ပေါ်ပေါက်လာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ပေါ်လမ်းမတွေပေါ်မှာ ပြေးဆွဲနေတဲ့ အမျိုးသမီး တက္ကစီယာဉ်မောင်းတွေကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့ သွားလာနေရတယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ပေါ်မှာ ညအချိန်တွေဆို လူအသွားအလာ မရှိသလောက် နည်းသွားပြီး ညအချိန် စိုးရိမ်မှုတွေနဲ့ ပြေးဆွဲနေရတယ်လို့ တက္ကစီ ယာဉ်မောင်းအဖြစ် ၁၀ နှစ်ကြာ လုပ်ကိုင်လာတဲ့ ဒေါ်မမီးက ပြောပါတယ်။

“ညကျရင်တော့ စောစောလူက ပြတ်သွားတာပေါ့နော်။ ဟိုအရင်တုန်းကဆို ည ၁၁ နာရီ၊ ၁၂ နာရီအထိ လူက မပြတ်ဘူး။ အခုကတော့ ၆ နာရီ၊ ၇ နာရီလောက်ဆို လူက ပြတ်သွားပြီးတော့ လူသိပ်မရှိတော့ဘူးပေါ့နော်။ ဘာမှတော့ သိပ်ပြီး ကြောက်လန့် စရာတော့ မကြုံတွေ့ခဲ့ဖူးပါဘူး။ ဒါပေမဲ့ တစ်ခါတလေတော့လည်း စိုးရိမ်ရတာပေါ့နော်။ ကြောက်ကြောက်နဲ့ပဲ ဒီလိုပဲ ဆွဲနေရတာပေါ့။ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပြီးတော့ နောက် အဖွဲ့အစည်းတွေလည်း ရှိတယ်လေ။ Zalo တို့၊ ဘာတို့ သုံးပြီးတော့ အန်တီက DMG က ဆိုတော့ Zalo တွေ ဘာတွေ သုံး၊ အခက်အခဲရှိရင် ကိုယ့်အဖွဲ့ကိုပဲ အကူ အညီတောင်း အဲဒီလိုမျိုးပဲ လုပ်ဖြစ်တာပါ”

ရန်ကုန်မြို့မှာ ခရီးသည်ဟန်ဆောင်ပြီး တက္ကစီယာဉ်မောင်းတွေဆီက လုယက်တာ၊ ဓားပြတိုက်တာတွေပါ ကြုံလာနေကြရတာကြောင့် အမျိုးသမီး တက္ကစီယာဉ်မောင်းတွေ အဖို့ ပိုပြီး စိုးရိမ်နေကြရတယ်လို့လည်း ပြောကြပါတယ်။

ဒါကြောင့် အငှားယာဉ်တွေအကြား ဝိုင်းဝန်းကူညီဖို့ ဖွဲ့ထားတဲ့ ကွန်ရက်နဲ့ချိတ်ဆက်ပြီး လုပ်ကိုင်နေရတယ်လို့ အချိန်ငါးနှစ်ကြာ တက္ကစီယာဉ်မောင်းအဖြစ် လုပ်ကိုင်လာတဲ့ ဒေါ်စုလှိုင်က ပြောပါတယ်။

“အခု အဲဒီလို လမ်းမှာ လုယက်တာတွေ ဘာတွေ စိုးရိမ်မှုလေးတွေရှိတော့ အခုလေ ရွှေပိတောက် Taxi Service ဆိုတဲ့အဖွဲ့လေးကို ဝင်ထားတယ်။ အဲဒီအဖွဲ့လေးက မောင်နှမတွေက ရာကျော်တယ်။ အဲဒီအဖွဲ့ထဲ ဝင်ထားလို့ အော်ဒါလည်း ကောက်လို့ ရတယ်။ ပြီးလို့ရှိရင် ကိုယ့်ကိုလည်း စောင့်ရှောက်ပေးတယ်ပေါ့။ ကိုယ်တစ်ခုခုဖြစ်ရင် ဥပမာ-ကော်ဖီပူတယ်ဆိုတဲ့ စကားလုံးသုံးလိုက် သူတို့ လမ်းပေါ်မှာ၊ ပြေးလမ်းပေါ်မှာ ရှိနေတဲ့ ကားတွေမှန်သမျှ ကိုယ့်နားကို ရောက်လာပေးတယ်။ အခုတစ်လောမှ လုယက်မှုတွေကြောင့် ရွှေပိတောက် Taxi Group လေးကို ဝင်ဖြစ်တယ်။ အရင်တုန်းက ကိုယ့်ဘာသာ နေတာများတယ်”

ဒေါ်စုလှိုင်ဟာ မိခင်နဲ့ သမီးတစ်ဦးကို ဦးဆောင်နေရသူဖြစ်ပြီး အရင်က ဝမ်းရေးအတွက် လွတ်လွတ်လပ်လပ် သွားလာရှာဖွေနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်း သူ့ရဲ့ လုံခြုံရေးအတွက် တက္ကစီအဖွဲ့တစ်ခုနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင် နေရတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်း သွားလာနေကြသည့် အငှားယာဉ်များကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

မြို့ခံတွေကတော့ မလုံခြုံမှုတွေအကြား ရုန်းကန်နေရတဲ့ အမျိုးသမီး အငှားယာဉ်မောင်း တွေကို ကရုဏာနဲ့ သင်ပြတာတွေလည်း ရှိတယ်လို့ တက္ကစီယာဉ်မောင်း ဒေါ်မမီးက ပြောပါတယ်။

“အမျိုးသမီးယာဉ်မောင်းဆို တချို့ကျတော့လည်း သဘောတွေကျပြီးတော့ သက်သက်မဲ့ ငှားစီးတာတွေ၊ သက်သက်မဲ့ အမျိုးသမီးယာဉ်မောင်းဆိုပြီး သဘောကျလို့ ကားပေါ် တက်လာတယ်။ တက်လာတဲ့ ခရီးသည်တိုင်းက အကုန်လုံးက ညကျရင် သတိထားနော်၊ လူတိုင်းကို သေချာကြည့်ပြီးတော့မှ တင်နော်။ အဲဒီလို စိုးရိမ်ပြီးတော့ မှာတဲ့သူတွေ ချည်းပဲ။ သဘောကျလို့ စီးကြတဲ့သူတွေလည်း များပါတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ညက အင်းစိန်မြို့နယ် ပေါက်တောဝ မီးပွိုင့်အနီးမှာ ဓားပါတဲ့ လူနှစ်ယောက်က တက္ကစီယာဉ်မောင်းဆီက ပိုက်ဆံအိတ်ကို လုယက်တာတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ရန်ကုန်မြို့က YBS ဘတ်စ်ကားတွေပေါ်မှာလည်း ဓားထောက်လုယက်မှုတွေ ရှိနေသလို ဇွန် ၆ ရက်နေ့ နေ့လယ်ပိုင်းက YBS ၄၀ ယာဉ်ပေါ်မှာ ခရီးသည်တစ်ဦးဆီက ပိုက်ဆံအိတ်နဲ့ ဖုန်းကို လူလေးယောက်က လုယက်မှုလည်း ဖြစ်ခဲ့ပါတယ်။

"တစ်ခါတလေတော့လည်း စိုးရိမ်ရတာပေါ့နော်။ ကြောက်ကြောက်နဲ့ပဲ ဒီလိုပဲ ဆွဲနေရတာပေါ့။"

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေး ကင်းမဲ့သွားတာကြောင့် အမျိုးသမီး တွေအတွက် လုံခြုံရေးဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ရဲ့ တွဲဖက်အတွင်းရေးမှူး မနန်းမို့မို့က ပြောပါတယ်။

“အထူးသဖြင့် အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်ခံနေရတဲ့ အနေအထားဖြစ်တယ်။ ကျူးလွန်တဲ့သူတွေကလည်း အခွင့်ကောင်းတွေ ယူပြီးတော့ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက် လာတာတွေ ရှိတယ်။ ဆိုတော့ အမျိုးသမီးတွေအနေနဲ့ ဘယ်မှာပဲနေနေ အထူးသဖြင့် ဥပဒေမဲ့ဖြစ်နေတဲ့ တိုင်းပြည်ကြီး ဖြစ်နေတဲ့အနေအထား ဖြစ်တယ်။ ကျူးလွန်တဲ့ သူတွေကလည်း အပြစ်ပေးခြင်းက ကင်းလွတ်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး လုံခြုံရေးလို့ပြောတဲ့အခါ ခြိမ်းခြောက်မှုတွေ အများကြီး ဖြစ်နေပါတယ်”

အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေကို အရင်က တိုင်းရင်းသားဒေသတွေမှာ အများဆုံး တွေ့ခဲ့ကြရပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့လာနေရတယ်လို့ သူက ပြောပါတယ်။

အမျိုးသမီးတွေအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း အခုနောက်ပိုင်း အမျိုးသမီးအရေးကိစ္စနဲ့ ပတ်သက်လို့ အသိပညာတွေပေးဖို့ ခက်ခဲသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ရရှိထားတဲ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ မတ်လအထိ နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီး အရေအတွက် ၁၅၀၀ ကျော်ရှိနေပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ၁၀ ခုအထိ ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြုစုထားတဲ့ စာရင်းတွေအရတော့ အာဏာသိမ်းပြီး ၁၄ လအတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၁၅၆ ဦး သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ် ကနေ ၂၉ နှစ်ကြား အများဆုံး ဖြစ်တယ်လို့ ဧပြီ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org