စစ်ဘေးကြောင့် ပျက်စီးသွားတဲ့ ရခိုင်ရွာများ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရွာလုံးကျွတ် စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ငတောက်တူချေရွာဟာ အခုတော့ ရွာပျက်တစ်ခုလို ဖြစ်သွားခဲ့ရပါပြီ။
- 2022-05-26
-
-
-
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရွာလုံးကျွတ် စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ငတောက်တူချေရွာဟာ အခုတော့ ရွာပျက်တစ်ခုလို ဖြစ်သွားခဲ့ရပါပြီ။
လူနေအိမ်တွေလည်း ပြိုကျပျက်စီးနေကြသလို လမ်းတွေဟာလည်း ချုံနွယ်တွေ ဖုံးလွှမ်း နေပြီး တစ်ရွာလုံး တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။
တစ်ချိန်က ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတဲ့ ဒီကျေးရွာဟာ အခုတော့ သုသာန်တစပြင်လို ဖြစ်သွားခဲ့ပြီလို့ အဲဒီငတောက်တူချေရွာသား ဦးညိုစံအောင်က ပြောပါတယ်။
“အခုရွာအခြေအနေကိုကြည့်ရမယ်ဆိုလို့ရှိရင် အရင်တုန်းက ရှင်ပြုပွဲတွေ၊ ပဋ္ဌာန်း ပွဲတွေနဲ့ အမြဲတမ်း နှစ်စဉ် စည်စည်ကားကားကျင်းပနေထိုင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ သုသာန်တစပြင်တစ်ခုလိုဖြစ်နေပြီ”
ဒီရွာမှာ အိမ်ထောင်စု ၁၄၆ စုနဲ့ လူဦးရေ ၇၀၀ ကျော် နေထိုင်ခဲ့ကြတာပါ။ အခုတော့ ရွာသားတွေဟာ ရသေ့တောင်မြို့နယ် ပြားချောင်းကြီးဒုက္ခသည်စခန်းနဲ့ နီးစပ်ရာဒုက္ခသည် စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတာ အချိန်သုံးနှစ်ကျော် ရှိသွားခဲ့ပါပြီ။
ရသေ့တောင်မြို့နယ်မှာ ထီးစွဲ၊ ကျောက်တန်း၊ အောင်သာစည်၊ မညင်းတောင်၊ ရေစိုးချောင်း၊ အမျက်တောင်၊ ဆောက်ခတ် စတဲ့ ကျေးရွာခုနစ်ရွာက ဒေသခံ တစ်သောင်းကျော်ဟာ လည်း ဒီငတောက်တူချေရွာလိုပဲ ဒုက္ခသည်စခန်းတွေမှာ ရွာလုံးကျွတ်ထွက်ပြေး ခိုလှုံနေ ကြရဆဲဖြစ်ပါတယ်။
ဒုက္ခသည်တွေဟာ စစ်ကောင်စီကထောက်ပံ့တဲ့ ဆန်ရိက္ခာမရောက်တာ အချိန်သုံးလအထိ ရှိလာနေတာကြောင့် စားဝတ်နေရေး အခက်အခဲနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။
သူ့ကတော့ ဒေါ်စိန်ဘုချေပါ။ သူ့ဇာတိဖြစ်တဲ့ ထီးစွဲရွာကနေ ဒုက္ခသည်စခန်းမှာ ခိုလှုံရင်း လက်လုပ်မုန့်ရောင်းပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေရပါတယ်။
“ဘယ်လိုမှ မလုံလောက်တဲ့အခြေအနေပါ။ တစ်နပ်စာ စားရဖို့အတွက် အခုလို မုန့်တွေလုပ်ပြီးရောင်းနေရတယ်။ ဈေးကဝယ်ပြီး ဒီအနားမှာပတ်ပြီး ရောင်းတယ်။ အန်တီတို့ ရှက်ရမှာလည်း မသိတော့ဘူး။ စားရရင် ပြီးပြီဆိုပြီး ဒီရွာတွေကိုသွားပြီး မုန့်တွေ လိုက်ရောင်းနေရတယ်”
ဒေါ်စိန်ဘုချေတို့ မိသားစုဟာ ရသေ့တောင်မြို့ပေါ် ကိန်းသာဓမ္မကျောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတာပါ။
"စစ်ကောင်စီတပ်သားတွေ ရွာအနားမှာရှိနေလို့ မသွားရဲဘူး"
ရွာမှာနေထိုင်တုန်းက သူတို့မိသားစုဟာ ကိုယ်ပိုင်လယ်ယာမြေ၊ ကျွဲ၊ နွား၊ သီးနှံစိုက်ခင်း တွေနဲ့ အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ကြပေမယ့် အခုတော့ ဒုက္ခသည်ဘဝနဲ့ ဖြစ်သလို ရပ်တည်နေကြရပါတယ်။
သူတို့ရဲ့ ထီးစွဲရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုအချိန်ထိ တပ်စွဲထားပါတယ်။ သူတို့ရွာနဲ့ တစ်ဆက်တည်းမှာဆိုရင် အောင်သာစည်နဲ့ ကျောက်တန်းရွာတွေ ရှိပါတယ်။
စစ်ကောင်စီတပ်သားတွေရှိနေလို့ ဒေသခံတွေ နေရပ်မပြန်ရဲကြဘူးလို့ ကျောက်တန်းရွာသူ ဒေါ်ခင်ဆန်းမြင့်က ပြောပါတယ်။
“အခုဆိုရင် ကျမတို့ရွာက တောတွေဖြစ်နေပြီ၊ နေအိမ်တွေလည်း ပြိုကျသွားတာ ပြိုကျသွားပြီ။ အခုသွားရင် နေမယ့် အိမ်လည်း မရှိတော့ဘူး။ သွားပြီး နေလည်း မနေရဲသေးပါဘူး။ သွားတော့ သွားချင်တာပေါ့။ ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေ ရွာအနားမှာရှိနေလို့ မသွားရဲဘူး”
ဒေသခံတွေက တိုက်ပွဲတွေကြောင့် သူတို့ရွာတွေကို ခေတ္တခဏ စွန့်ခွာခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ ဒုက္ခသည်စခန်းတွေမှာ အချိန်ကြာမြင့်လာတာနဲ့အမျှ သူတို့ရဲ့ ရွာတွေဆီ ပြန်ခွင့် မရတော့မှာကို တွေးပူနေမိတယ် လို့ စစ်ဘေးဒုက္ခသည် ဒေါ်စိန်ဘုချေက ပြောပါတယ်။
“အိမ်ပြန်ချင်တဲ့စိတ်က အပြည့်အဝရှိပါတယ်။ ဒါပေမဲ့ ငါတို့ အခုလိုအိမ်မပြန်ရတော့ ဘူးလား မသိဘူး။ ဒီလိုဒုက္ခ တွေနဲ့ တစ်သက်လုံးနေသွားရတော့မလား။ ငါတို့ စီးပွားရေးတွေ ဒီလိုပဲ တစ်သက်လုံး ဆုံးရှုံးသွားရတော့မလား။ အဲဒီအတွေးနဲ့ နေထိုင် နေရတာပဲ”
မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ ရခိုင်ပြည်နယ်မှာ အချိန်နှစ်နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံနှစ်သိန်းကျော် အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ရပ်စဲနေတဲ့ကာလအတွင်း အဲဒီအထဲက ဒုက္ခသည် တစ်သိန်းကျော် နေရပ်ပြန်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒုက္ခသည် ခြောက်သောင်းကျော်ကတော့ သူတို့ ကျေးရွာအနီးအနားတွေမှာ စစ်ကောင်စီက တပ်စွဲထားတာ၊ ကျေးရွာတစ်ခုလုံး မီးရှို့ခံရတာ၊ မြေမြှုပ်မိုင်းအန္တရာယ်တွေနဲ့ လက်ရှိ တစ်ကျော့ပြန် တင်းမာလာနေတဲ့ နှစ်ဖက် စစ်ရေး အခြေအနေတွေကြောင့် သူတို့ရဲ့ အိမ်ပြန်ခရီးက ဝေးနေဆဲ ဖြစ်ပါတယ်။