မြန်မာ့အရေးအာရုံစိုက်မှုရအောင် ဆောင်ရွက်ဖို့ ကန်လွှတ်တော်မှာ ဆွေးနွေး
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရသည်ဖြစ်စေ၊ Burma Caucus အဖွဲ့ရဲ့ ဆောင်ရွက်ချက် ပြောင်းလဲမှာ မဟုတ်တဲ့အကြောင်း အောက်လွှတ်တော်အမတ် ဘေလ် ဟိုင်ဇန်ဂါက ပြောပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024-06-28 -
-
-
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံအနေနဲ့ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် တွန်းအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့ စတင်တဲ့ အခမ်းအနားကို ဇွန်လ ၂၇ ရက်က အမေရိကန်လွှတ်တော်အဆောက်အဦမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို Burma Caucus အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်မဲ့ မစ်ရှီဂန်ပြည်နယ် အမတ် ဘေလ် ဟိုင်ဇန်ဂါနဲ့ ကိုယ်တိုင် မတက်ရောက်နိုင်တဲ့ မင်နီဆိုတားပြည်နယ်အမတ် ဘက်တီ မက်ကောလင်ရဲ့ ကိုယ်စားလှယ်တို့နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကနေဒါနိုင်ငံ လွှတ်တော်အမတ် ဂါးနက် ဂျန်းနက်တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။
အခုလို Burma Caucus ဖွဲ့စည်းလိုက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအရေးကို လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်တွေကြားမှာ ပျံ့နှံ့သိရှိအောင် ပညာပေးဖို့ဖြစ်တဲ့အကြောင်း၊ ဒီနေ့ကမ္ဘာမှာ အခြား အရေးကိစ္စတွေပေါ်လာတိုင်း မြန်မာ့အရေးကို အာရုံစူးစိုက်မှု လျော့နည်းသွားလေ့ရှိတဲ့အတွက် Burma Caucus ဟာ မြန်မာနိုင်ငံ ပြဿနာကို သတင်းမီဒီယာတွေရဲ့ အာရုံစူးစိုက်မှုရအောင် ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်တဲ့အကြောင်း အဖွဲ့ ပူးတွဲဥက္ကဋ္ဌ အောက်လွှတ်တော်အမတ် ဘေလ် ဟိုင်ဇန်ဂါက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာအောင် အမေရိကန်လွှတ်တော်အနေနဲ့ Burma Act ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း မင်နီဆိုတားပြည်နယ်အမတ် ဘက်တီ မက်ကောလင်ရဲ့ မိန့်ခွန်းကို ကိုယ်စားလှယ်ဖြစ်သူက ဖတ်ကြားသွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက မိန့်ခွန်းပြောကြားရာမှာတော့ NUG ကို အရပ်သားပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကနေ အကာအကွယ်ပေးနိုင်မဲ့ အကူအညီတွေ လက်တွေ့ကျကျပေးဖို့၊ NUG ကို တရားဝင် အသိအမှတ်ပြုဖို့၊ အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အရံဘဏ္ဍာငွေ ဒေါ်လာတစ်ဘီလီယံကို အသုံးပြုခွင့်ပေးဖို့၊ ကုလသမဂ္ဂကို ဖိအားပေးဖို့ ၊ အာဆီယံကို ဘုံသဘောတူညီချက် ငါးရပ်နဲ့ မလုံလောက်ကြောင်း တွန်းအားပေးဖို့နဲ့ နိုင်ငံတကာကနေ လူသားချင်းစာနာမှု အကူအညီတွေ ပိုပြီးပေးအပ်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ အချက် ခုနစ် ချက်ကို Burma Caucus အဖွဲ့ကို တောင်းဆိုသွားပါတယ်။
အောက်လွှတ်တော်အမတ် ဘေလ် ဟိုင်ဇန်ဂါက ဒီ Burma Caucus အဖွဲ့ဟာ ပါတီစွဲမထားဘဲ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီနှစ်ခုလုံးက အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့အတွက် အခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရသည်ဖြစ်စေ၊ အဖွဲ့ရဲ့ ဆောင်ရွက်ချက် ပြောင်းလဲမှာ မဟုတ်တဲ့အကြောင်း အောက်လွှတ်တော်အမတ် ဘေလ် ဟိုင်ဇန်ဂါက RFA ကို ပြောသွားပါတယ်။
“လာမဲ့နှစ်မှာ အမေရိကန်အစိုးရသစ် တက်လာတာပဲ ဖြစ်ဖြစ်၊ လက်ရှိ အစိုးရပုံစံပြောင်းသွားတာပဲဖြစ်ဖြစ် ဖြစ်လာနိုင်ပါတယ်။ လွှတ်တော်မှာလဲ အတူတူပါပဲ။ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က အမတ်နေရာအချို့အတွက်လည်း ရွေးကောက်ပွဲတွေ ရှိမှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေရဲ့ရလဒ် ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီ Caucus ရဲ့ ဆောင်ရွက်ချက်တွေက ဆက်သွားနေမှာ ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်အောင်လည်း ဒီ Caucus အဖွဲ့ကို နိုင်ငံရေးပါတီ အစွဲမထားတဲ့ အဖွဲ့အဖြစ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ဘယ်ပါတီက ထိန်းချုပ်နိုင်သည် ဖြစ်စေ၊ Burma Caucus အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ ရှေ့ဆက်လုပ်နိုင်ဖို့ အခြေခံအုတ်မြစ် ကောင်းကောင်းချထားတာ ဖြစ်ပါတယ်”
အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီအဖွဲ့စတင် ဖွဲ့စည်းတဲ့အချိန်မှာပဲ မြန်မာ့အရေးအတွက် ဥပဒေအသစ်တစ်ခုကို တင်သွင်းနိုင်ခဲ့တဲ့အတွက် Burma Caucus ဟာ အစကောင်းတယ်လို့ သုံးသပ်ပါတယ်။
“ဒီအဖွဲ့ကတော့ ပါတီစုံလဲ ပါတယ်။ Co-chair တွေကလဲ မြန်မာ့အရေးကို အခုမှ စိတ်ဝင်စားတာမဟုတ်ဘူး။ ထိထိရောက်ရောက် စိတ်ဝင်စားစွာ လုပ်ဆောင်နေသူတွေ ဖြစ်တယ်။ ဒီကနေ့ စစချင်း ကြေညာတဲ့နေ့မှာပဲ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်တစ်ခုကို စပြီး လုပ်နေပြီလို့ သိရတယ်။ ဒီဥပဒေကတော့ သူတို့ရဲ့ ပထမဆုံး ကြိုးပမ်းမှုပေါ့။ ဒီ Caucus က အစကောင်းတယ်လို့ ပြောလို့ရပါတယ်။ မြန်မာ့အရေးကို ဆက်ပြီး လုပ်စရာတွေလည်း ရှိပါတယ်။ ဒီကနေ့ အစကောင်းပြီး အနှောင်းသေချာဖို့ လုပ်သွားမယ်လို့ ပြောကြားချက်ကတော့ အားရှိစရာပေါ့။ ဒါပေမဲ့ သူတို့ချည်းပဲတော့ လုပ်လို့ မရဘူး။ Caucus မှာ ပါတဲ့အမတ်တွေက အနည်းစုပဲ ဖြစ်လိမ့်မယ်။ နောက်ထပ်လူတွေလည်း ပါလာအောင်ပေါ့။ ပါလာရုံတင် မကဘဲ ကျွန်တော်တို့ အခုတောင်းဆိုနေတဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေမှာ အများကြီး ပါဝင်လာဖို့ ဆက်လက်ပြီး ကြိုးပမ်းသွားဖို့ လိုအပ်ပါတယ်”
ဒီအခမ်းအနားကို တက်ရောက်လာတဲ့ ကနေဒါနိုင်ငံ လွှတ်တော်အမတ် ဂါးနက် ဂျန်းနက်ကလည်း ကနေဒါနိုင်ငံမှာ မြန်မာ့အရေးအတွက် လွှတ်တော်အမတ်တွေ အဖွဲ့ဖွဲ့ပြီး အလုပ်လုပ်နေကြတဲ့အကြောင်း အခုလို ပြောပြပါတယ်။
“ကျွန်တော်က ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် ကနေဒါ လွှတ်တော်အမတ်များအဖွဲ့က ပူးတွဲဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံက ကွန်ဆာဗေးတစ် ပါတီ အမတ်လည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဖွဲ့ပေါင်းစုံ ပါဝင်ပြီးတော့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေထိုင်မှုနဲ့ ဖက်ဒရယ်စနစ်တွေ ဖြစ်လာအောင် အတူတူ ကြိုးစားကြမယ်၊ စုစည်းညီညွတ်တဲ့ တော်လှန်ရေးအင်အားစုတစ်ခု ပေါ်ထွက်လာဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကနေဒါနိုင်ငံက မိတ်ဆွေတွေအနေနဲ့ကတော့ နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ပိုတင်းကျပ်ဖို့၊ မြန်မာပြည်သူတွေရဲ့ အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုတွေ အောင်မြင်အောင် ကူညီနိုင်ဖို့ ကြိုးစားပေးနေပါတယ်"
အခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲရဲ့ရလဒ် ဘယ်လိုရှိသည်ဖြစ်ဖြစ်၊ Burma Caucus အဖွဲ့ရဲ့ မြန်မာ့အရေး တိုက်တွန်းနှိုးဆော် ပညာပေးဆောင်ရွက်ချက်တွေ ဆက်ရှိနေမှာ ဖြစ်တဲ့အကြောင်း အောက်လွှတ်တော်အမတ် ဘေလ် ဟိုင်ဇန်ဂါက မိန့်ခွန်းပြောရာမှာလည်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။