ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းမှာ လူငယ်လုပ်သားတွေ နည်းလာ

ဧရာဝတီတိုင်း ပန်းတနော်မြို့ဟာ သင်ဖြူးဖျာလုပ်ငန်းနဲ့ နာမည်ကြီးပါတယ်။ သင်ဖြူးဖျာလုပ်ငန်းကို ပန်းတနော်မြို့ရဲ့ အနောက်ပိုင်းမှာ အများဆုံးတွေ့ရပါတယ်။

ပန်းတနော်မြို့ရှိ ဖျာလုပ်ငန်းအလုပ်ရုံတွင် သင်ဖြူးဖျာရက်လုပ်နေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ RFA

ဧရာဝတီတိုင်း ပန်းတနော်မြို့ဟာ သင်ဖြူးဖျာလုပ်ငန်းနဲ့ နာမည်ကြီးပါတယ်။ သင်ဖြူးဖျာလုပ်ငန်းကို ပန်းတနော်မြို့ရဲ့ အနောက်ပိုင်းမှာ အများဆုံးတွေ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၁ ကစခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် သင်ဖြူးဖျာရောင်းအားလည်း အရင်ထက် ထက်ဝက်ကျဆင်းသွားတယ်လို့ အရောင်းဆိုင်ရှင်တချို့က RFA ကို ပြောပါတယ်။

သားသမီး သုံးယောက်အဖေ အသက် (၇၆) နှစ်အရွယ် ဦးသိန်းမြင့်ဟာ ပန်းတနော်မြို့မှာ သင်လုပ်ငန်းနဲ့ အောင်မြင်ခဲ့တဲ့သူပါ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ပစ္စည်းတွေပျက်စီးဆုံးရှုံးရာကနေ စီးပွားရေးပါ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာလည်း သူတို့မိသားစုက သင်ဖြူးဖျာလုပ်ငန်းနဲ့ပဲ ဆက်ပြီး ရပ်တည်နေတာပါ။

"ကုန်စျေးနှုန်းမြင့်တက်လာလို့ လုပ်အားခတွေ မတိုးပေးနိုင်လို့ရှိရင် ပိုပြီးတော့ လုပ်သားတွေက ရှားပါးနိုင်ပါတယ်"

အခုတစ်ခါ အစစအရာရာ ကုန်စျေးနှုန်းတက်လာတာကြောင့် သူ့အလုပ်ရုံမှာ သင်ဖြူးဖျာရက်ကြတဲ့ လူငယ်တွေဟာ ဝင်ငွေအရနည်းတဲ့ ဒီအလုပ်ကို စွန့်ခွာသွားကြလို့ သင်ဖြူးဖျာ လုပ်ငန်းထိခိုက်လာမှာကို ဦးသိန်းမြင့်က စိုးရိမ်နေပါတယ်။

"ကုန်စျေးနှုန်းမြင့်တက်လာလို့ လုပ်အားခတွေ မတိုးပေးနိုင်လို့ရှိရင် ပိုပြီးတော့ လုပ်သားတွေက ရှားပါးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်သမားတွေက လုပ်တဲ့သူတွေက ဒီကုန်စျေးနှုန်းမြင့်မားမှုရဲ့ ဒဏ်ကို ခံစားနေရတာ။ လူတိုင်းပါပဲ။ ခံစားနေရတဲ့အတွက်ကြောင့် ဒီဟာတွေ စျေးမတက်လို့ရှိရင် လုပ်အားခတွေ မတိုးနိုင်ဘူး"

သင်တစ်စီးကို ဖျာနှစ်ချပ်ရတာကြောင့် အလုပ်သမားခ နုတ်လိုက်တဲ့အခါ ဖျာတစ်ချပ်ကို လေးထောင်ကျပ် ဝန်းကျင် အမြတ်ကျန်ပါတယ်။ ဒါပေမဲ့ ကုန်စျေးနှုန်းကြီးလာတာကြောင့် သင်လုပ်ငန်းလုပ်နေတဲ့ လူငယ်တွေဟာ ဖျာမရက်ကြတော့ပါဘူး။ လက်ရှိမှာတော့ လူကြီးတွေနဲ့ ဆယ်ကျော်သက် ကလေးတွေလောက်ပဲ ဖျာရက်ကြတယ်လို့ ဦးသိန်းမြင့်ရဲ့ သမီးကြီး မသန္တာခိုင်က ရှင်းပြပါတယ်။

"အစ်မတို့ အခု ရောင်းရတဲ့ကုန်စျေးနှုန်းကျတော့ တအားကြီး ခွာလို့ မရဘူး။ ဒီပုံမှန်လောက်နဲ့ ပုံမှန်အတိုင်းပဲ ရောင်းနေရရင်တောင် မကြီးတို့က အဆင်ပြေတဲ့သဘောမျိုးလို ဖြစ်နေတယ်။ ဒီဟာက စားကုန်လည်း မဟုတ်တော့လေ။ မိရိုးဖလာလုပ်ငန်းသာဆိုပေမယ့် သူတို့အလုပ်သမားတွေကျတော့ အဆင်မပြေဘူး။ အဆင်မပြေတော့ တစ်နေ့ကို မိန်းမတစ်ယောက်ဆိုလို့ရှိရင်လည်း သုံးထောင်၊ လေးထောင်အပြင် အရမ်းကြီးလည်း မလုပ်နိုင်ဘူးပေါ့နော်။ အဲဒီလိုမျိုးတွေကြောင့် အခုကုန်စျေးနှုန်းနဲ့ကျတော့ ဘယ်လိုမှကို အဆင်မပြေဘူး"

သင်ဖြူးဖျာဖြစ်ဖို့အတွက် သင်ပင်တွေကို လိုချင်တဲ့အနေအထားရအောင် ဖြတ်တောက်ခွဲစိတ်တာကနေ ဖျာအဆင့်ရောက်တဲ့အထိ အဆင့် ၁၀ ဆင့်လောက် လုပ်ရပါတယ်။ ဒီအထဲမှာ သင်နှီးပြားတွေ ရဖို့ အလွှာပါးသုံးခုရတဲ့အထိ ပါးစပ်နဲ့ ကိုက်နွှာရတာက သင်ဖြူးဖျာရဲ့ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါကို သင် ငင်တယ်လို့လည်း ခေါ်ကြပါတယ်။

အခုမြင်နေရတဲ့ နှီးဖြာနေတဲ့သူကတော့ အသက် ၅၇ နှစ်အရွယ် ဒေါ်အေးပါ။ သူ့မှာ မိသားစု ခြောက်ယောက် ရှိပါတယ်။ သူက အသက် ၁၆နှစ် အရွယ်ကတည်းကစပြီး သင်ဖြူးဖျာလုပ်လာတာပါ။ လက်ရှိတစ်ရက်ကို ဝင်ငွေ သုံးထောင်ကျပ် ရပါတယ်။ သူက မသန္တာခိုင်တို့ အလုပ်ရုံမှာ လုပ်နေတာ ငါးနှစ်ရှိပြီလို့ ဒေါ်အေးက ပြောပါတယ်။

"သူတို့စိတ်ထားလေးလည်း ကောင်းလို့။ သဘောလေးလည်း ကောင်းလို့ ကိုယ်လည်း မထွက်နိုင်ဘူးပေါ့။ ဒီမှာပဲ လုပ်နေတာ။ ညီအစ်ကို မောင်နှမအရင်းအချာတွေလိုပဲ လုပ်နေတာ။ ငါးနှစ်လောက်တော့ ရှိပြီ။ ဒီ့ပြင်လူ တွေကျတော့လည်း အပေါက်ဆိုးတဲ့လူတွေ ရှိတယ်လေ။ ဒီမှာတော့ မိသားစုလိုပေါ့။ ထမင်းကျွေးတဲ့ အခါလည်း ကျွေးတယ်။ မုန့်ကျွေးတဲ့အခါလည်း ကျွေးတယ်။ အဲလိုလုပ်နေတာ။ စိတ်ချမ်းသာတယ်ပေါ့နော်။ နေမကောင်းတာတောင် ဒီအိမ်က မထွက်နိုင်ဘူး"

အသက် ၃၃ နှစ်အရွယ် မမေချိုကတော့ မသန္တာခိုင်တို့အလုပ်ရုံမှာ ဖျာရက်တာ ၁၂ နှစ် လောက်ကြာပါ ပြီ။ သူ့မှာလည်း မိသားစု ခြောက်ယောက်ရှိပါတယ်။ သူတို့မိသားစု သုံးယောက် တစ်ရက် ဖျာရက်တဲ့ လုပ်အားခက ကျပ်တစ်သောင်းလောက်ရပါတယ်။ ဒါပေမဲ့ ကုန်စျေးနှုန်းကြီးလာလို့ ဝင်ငွေနည်းတဲ့ ဒီအလုပ်ကို ဆက်လုပ်မလား မလုပ်ဘူးလားဆိုတာ စဉ်းစားလာရတယ်လို့ ပြောပြပါတယ်။

"တစ်ခါတလေကျတော့လည်း သွားချင်လိုက်တယ်ပေါ့။ တစ်နေရာကို သွားထွက်လုပ်ချင်တယ်။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့လည်း ဒီအလုပ်က အိမ်မကွာ၊ အိုးမကွာပေါ့။ မိသားစုနဲ့လည်း စည်းစည်းလုံးလုံး အဲလိုပေါ့။ တစ်ခါတလေကျရင် ထွက်ဖို့စိတ်ရှိတယ်။ မထွက်လည်း မထွက်ချင်ဘူး"

ပန်းတနော်မြို့ရှိ ဖျာလုပ်ငန်းအလုပ်ရုံတွင် သင်ဖြူးဖျာရက်လုပ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အလှူအိမ်တွေကို သင်ဖြူးဖျာငှားတာကလည်း ပန်းတနော်မြို့ရဲ့ ဓလေ့တစ်ခုပါ လို့ အသက် ၅၄ နှစ် အရွယ် ဒေါ်ထားထားဦးက ပြောပြပါတယ်။

"အလှူအတမ်းတွေဆိုလို့ရှိရင် အဲလိုဖျာ အိမ်မှာနည်းတယ်ဆိုရင် ဒိုင်က အကူအညီပေးတယ်။ ဖျာတွေ ဘာတွေ ဆိုလို့ရှိရင်လေ သူတို့က အကူအညီပေးတယ်။ လိုအပ်တဲ့ဟာကို ဖျာပဲခင်းရတာကိုး။ ခေါင်းရင်းခန်းမှာ သတို့သမီး၊ သတို့သားဆိုလည်း မရှိမဖြစ်ဘူး။ ဒီဖျာပဲခင်းပေးရတယ်။ ဒီဘုန်းကြီး သံဃာတော်တွေဆိုရင်လည်း ဖျာပဲခင်းပေးရတယ်။ ဒီ ခုံတို့ဘာတို့က ဒီလောက်အထိ အရေးမပါဘူးလေ"

ပန်းတနော်မြို့မှာ ဖျာအမျိုးမျိုးထွက်သလို တရားထိုင်ဖျာ၊ ကလေး အိပ်ဖျာ၊ ဧည့်ခန်းမှာထားတဲ့ ဆက်တီခုံအခင်းဖျာ၊ သင်ခေါင်းအုံး၊ သင်ပိုက်ဆံအိတ် စတဲ့ ဒီဇိုင်းမျိုးစုံကို ရက်လုပ်ကြပါတယ်။ အခုဆိုရင် ဖျာအမျိုးအစားအလိုက် ငွေကျပ် ငါးထောင်ကနေ အစားစား မြင့်တက်သွားတယ်လို့ ဖျာအရောင်းဆိုင်တွေက ပြောပြပါတယ်။

သင်ပင်တွေဟာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ အပေါက်များပါတယ်။ ဒါကြောင့် ပန်းတနော် မြို့မှာ သင်ဖြူးဖျာလုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်ကစပြီး လုပ်ကိုင်ခဲ့တာလို့ ရှေးလူကြီး တွေက ပြောပါတယ်။ အခုနောက်ပိုင်းတော့ သင်စိုက်ပျိုးဧကပေါင်း တစ်သောင်းကျော်ရှိတယ်လို့ လည်း မြေစာရင်းဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပန်းတနော်မြို့ကထွက်တဲ့ သင်ကုန်ကြမ်းတွေကိုတော့ ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ဇလွန်စတဲ့ မြို့နယ်အသီးသီးကို တင်ပို့ပေးရတယ်လို့ သင်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ တစ်ရက်ဝင်ငွေ ထောင်ဂဏန်းပဲရတဲ့ဒီလုပ်ငန်းက လူငယ်တွေအတွက် ရပ်တည်ရေးအဆင် မပြေတော့လို့ သင်ဖြူးဖျာလုပ်ငန်းတွေမှာ လုပ်သားရှားလာတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org