မုန်တိုင်းသင့် သက္ကေပြင်ဒုက္ခသည်စခန်းမှာ အကူအညီလိုအပ်နေ
လူဦးရေ ခြောက်ထောင်ကျော် နေထိုင်ကြတဲ့ ဒုက္ခသည်စခန်းမှာ အိမ်ခြေတစ်ထောင် ရှိတဲ့အထဲက အိမ်ခြေ ၂၀၀ နီးပါး မုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့တာပါ။
-
RFA Burmese
2023-06-05 -
-
-
မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်ဘက်က သက္ကေပြင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ကိုယ်ထူကိုယ်ထနဲ့ အပျက်အစီးတွေကို ရှင်းလင်းနေကြသလို တတ်နိုင်သူ တချို့ကလည်း ကိုယ့်အိမ်ကိုယ် ပြန်ပြင်နေကြပါပြီ။
လူဦးရေ ခြောက်ထောင်ကျော် နေထိုင်ကြတဲ့ ဒီဒုက္ခသည်စခန်းမှာ အိမ်ခြေတစ်ထောင် ရှိတဲ့အထဲက အိမ်ခြေ ၂၀၀ နီးပါး မုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့တာပါ။
ကျန်တဲ့ နေအိမ် ၈၀၀ ကျော်ကလည်း ၅၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ သက္ကေပြင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း ကော်မတီအဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
အသက် ၄၅ နှစ် အရွယ် ဒေါ်ခင်ခင်စော ကတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်ခေါင်မိုးကို ပြန်ပြင်ချင်ပေမယ့် ခင်ပွန်းဖြစ်သူ နေမကောင်းတဲ့အပြင် ငွေကြေးလည်း မတတ်နိုင်တာကြောင့် ပြန်မပြင်နိုင်သေးပါဘူး။
"အားလုံးက ခက်ခဲနေတော့ ထမင်းစားလို့မရဘဲ စိတ်တွေ အရမ်းပူနေတယ်"
စားစရာလည်းမရှိ အိမ်လည်းမပြင်နိုင် စိတ်ဆင်းရဲလွန်းလို့ ဘာလုပ်ရမှန်း မသိဘူးလို့ ဒေါ်ခင်ခင်စော က ပြောပါတယ်။
"ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေရတယ်။ အဓိက စိတ်ပါပဲ။ စိတ်က အခုလို မချိတင်ကဲဖြစ်နေတော့ ဘယ်လိုလုပ်ရမှာလဲ။ အဲဒါကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင်လို့ အပြင်ထွက်ထိုင်နေတာပါ။ အဲဒါတွေ ပြောနေရရင် စိတ်ထဲမှာလေ ရင်ကွဲသလိုဖြစ်သွားတယ်။ အခုတောင်စားဖို့ ဘာမှမရှိလို့ အပြင်ထွက်ထိုင်နေတာ"
မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ သူတို့ သက္ကေပြင်စခန်းတစ်ခုလုံးနီးပါး အိမ်ပြန်ပြင်ဖို့ ငွေမရှိတာကြောင့် အခုဇွန်လထဲ မိုးများလာရင် ဘယ်လို လုပ်ရမလဲဆိုတာ မသိသေးဘူးလို့ ဒေါ်ခင်ခင်စောက ပြောပါတယ်။
လက်ရှိမှာ အမိုးအကာမရှိဘဲ နေရတာမို့ အမျိုးသမီးနဲ့ ကလေးတွေ မကြာခဏ ဖျားနာကြတယ်လို့ ဆိုပါတယ်။
အသက် ၃၈ နှစ်အရွယ် ဒေါ်အာနူရ်ဝါန် မှာတော့ အသက် လေးနှစ်ကနေ ၂၂ နှစ်အရွယ်ကြား သားသမီး ခြောက်ဦး ရှိပြီး မုန်တိုင်းကြောင့် အခက်အခဲဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။
သားသမီးကများ ကျန်းမာရေးက မကောင်း ငွေကြေးလည်း မရှိတာမို့ သောကတွေ များလွန်းတယ်လို့ ဒေါ်အာနူရ်ဝါန် က ပြောပါတယ်။
"အားလုံး ခက်ခဲနေတာပဲလေ။ တာလပတ်မရှိလို့ ထိုင်နေတာ။ နေလည်း မကောင်းဘူး၊ ဖျားနေတယ်။ အဲဒါကြောင့် ထိုင်နေတာ။ နောက်ပြီးတော့ အားလုံးက ခက်ခဲနေတော့ ထမင်းစားလို့မရဘဲ စိတ်တွေ အရမ်းပူနေတယ်။ မိသားစု ရှစ်ယောက်နဲ့ ဒုက္ခရောက်နေတာပါ"
ပုံမုန်အချိန်မှာတောင် စားဝတ်နေရေးအတွက် ကြုံရာကျပန်း အလုပ်ကြမ်းမျိုးစုံကို ရုန်းကန်ခဲ့ရပြီး အခု မုန်တိုင်းကြောင့် အလုပ်လည်း မလုပ်နိုင်ဘဲ စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ မေလ ၁၇ ရက်နေ့က သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ လူဦးရေ ခြောက်ထောင်ကျော်အတွက် ဆန်အိတ် ၁၀၀၊ စားသုံးဆီ ပိဿာချိန် ၁၅၀၊ ရေသန့်ဘူး တစ်ထောင် နီးပါး၊ ပဲခြောက်အိတ်တွေနဲ့ ယမ်ယမ် ခေါက်ဆွဲခြောက်တချို့ ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအကူအညီက ဒုက္ခရောက်နေသူ အားလုံးအတွက် လုံလောက်မှု မရှိပေမယ့် သူတို့ဆီကို တခြား ဘယ်အကူညီမှ ရောက်မလာသေးဘူးလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် ဒေါ်ဒေါလူက တော့ အိပ်စရာမရှိလို့ ဆာလာအိတ်တွေ ခင်းအိပ်တယ်၊ စားစရာမရှိလို့ ငှက်ပျောအူတွေ ခုတ်စားရတယ်၊ ကျွန်မတို့ ငတ်မွတ်နေတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ကနေတာက ဟိုနားမှာနေတာ။ ဒီနားမှာပဲ ဖျာတွေခင်းပြီးတော့ အိပ်၊ ဆာလာအိတ် ခင်းပြီးတော့ နေတာ၊ အိပ်တာ။ စားရင်လည်း ငှက်ပျောပင်စား နေရတယ်။ ဘာမှ အဆင်မပြေပါ ကျွန်မတို့။ ကျွန်မတို့က ထမင်းစားချင်တယ်၊ မုန့်တီ စားချင်တယ်။ သားသမီးနဲ့ မိသားစုနဲ့ မကွဲမကွာနေချင်ပါတယ်။ အခု ဘာမှမရှိတော့ ဘူး။ စိတ်ဆန္ဒရှိတာ ကုန်သွားပြီ။ ဘာမှ မကျန်ဘူး ကျွန်မတို့မှာ။ ရှိလည်း မရှိတော့ဘူး။ ဘာမှလည်း မကျန်ဘူး။ ဆန်ရှိရင် အိုးလေး၊ ခွက်လေးရှိရင် ကျွန်မတို့ စားလို့ရတယ်။ အခုဘာမှလည်း မရှိဘူး။ ကျွန်မတို့ ငတ်လို့နေပါတယ်"
မုန်တိုင်းနောက်ဆက်တွဲ မသန့်ရှင်းတဲ့ ရေကြောင့် သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းက ကလေးတချို့ ယားနာတွေ ပေါက်လာပါတယ်။
သားသမီး သုံးယောက်အနက် အငယ်ဆုံး ကလေးနှစ်ယောက်မှာ ယားနာတွေပေါက်နေလို့ လိမ်းဆေးကို အရင်ကထက် ဈေးနှစ်ဆပေးပြီး ဝယ်သုံးနေရတယ်လို့ အသက် ၃၂ နှစ်အရွယ် ဦးချူက္ကရ် က ပြောပါတယ်။
"ကလေးတွေမှာ ယားပြီးတော့ အနာတွေ ထွက်နေတယ်။ ကလေးတွေက ကုတ်တော့ အခုဆေးလည်း အခက်အခဲဖြစ်နေတယ်။ ဆေးခန်းမှာ ဆေးသွားယူတော့လည်း မုန်တိုင်းအချိန်မှာ ဘာမှ လုပ်လို့မရဘူး။ အခု ဆေးခန်းသွားတော့ ဆေးနည်းနည်းပါးပါး ပေးတယ်။ ဆေးဆိုင်မှာ သွားဝယ်တယ်ဆိုရင် ဆေးတစ်ခွက်စာကို အရင်က ၃၀၀၊ ၄၀၀ ကျပ် ကျတာကို အခု ၈၀၀ နဲ့ ဝယ်ရတယ်"
ဒီစခန်းမှာ လူ ခြောက်ထောင်ကျော်အတွက် အိမ်သာ အလုံး ၃၅၀ နီးပါးရှိတဲ့အထဲက အလုံး ၃၀၀ ကျော် ပျက်စီးသွားတာကလည်း ဝမ်းရောဂါလို ကူးစက်ရောဂါတွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။
ရောဂါကူးတာ နောက်ပိုင်းမှ၊ လောလောဆယ်ကို အိမ်သာတွေ ပျက်စီးသွားလို့ မိန်းကလေးတွေ ဒုက္ခရောက်လှတယ်လို့ စခန်းတာဝန်ခံ ဦးရွှေလှ (ခ) အဒူန်ရော်ဟိမ်း က ပြောပါတယ်။
"ပျက်စီးသွားတာက သံဖြူနဲ့ကာထားတဲ့ ဘေးကာ လဲသွားတာ အိမ်သာက။ ပျံသွားတာ။ တချို့အိမ်သာတွေ ထိုင်ခုံတောင် မရှိတော့ဘူး။ လက်ရှိ ရှိတာ အိမ်သာတောင် ရှာလို့ မတွေ့ဘူး။ အဲလိုမျိုး ဖြစ်သွား ပါတယ်။ အိမ်သာ အခိုင်အမာ မရှိတော့ဘူး။ အဲဒီအတွက် မိန်းကလေးတွေအတွက် အင်မတန်စိုးရိမ်တယ်။ ယောက်ျားဆိုရင်တော့ ဘယ်နေရာပဲဖြစ်ဖြစ် ချောင်းရှိတယ်။ ကစားသလိုပုံစံမျိုးနဲ့ သွားပြီးတော့ အိမ်သာ တက်လိုက်တယ်။ မိန်းကလေးတွေက တချို့အိမ်သာတွေမှာ ဘေးကာမရှိတော့ပေမယ့် တိုင်တွေကျန်တော့ အဲမှာ လုံချည်တွေ ပတ်ပြီး အိမ်သာတက်တယ်။ တက်ပြီးရင် အဲဒီအဝတ်အစားကို ပြန်ပြီး တော့ယူလာတယ်”
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အနည်းဆုံး လူ ရှစ်သိန်းအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ မေလ ၁၆ ရက်နေ့က ပြောထားပါတယ်။
မြန်မာနိုင်ငံက မုန်တိုင်းသင့် ပြည်သူတွေအတွက် ပထမဆုံး အကူအညီတွေကို မေလ ၂၁ ရက်ကစလို့ ပေးပို့နေပြီ လို့ အာဆီယံအသင်းက ဆိုပါတယ်။ အိန္ဒိယနိုင်ငံကလည်း မေလ ၁၈ ရက်နေ့က ရေတပ် သင်္ဘော သုံးစင်းနဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် (၄၀) နီးပါး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ပို့ဆောင်ထားသလို မေလ ၁၉ ရက်နေ့ကလည်း အရေးပေါ်ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ထပ်ပို့ထား တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက မေ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးက ဒေသခံတွေဟာ အပျက်အစီးတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ပြန်လည်ပြုပြင်နေပြီး အကူအညီတွေ အမြန်ဆုံး အလုံအလောက် ရရှိဖို့ မျှော်လင့်နေကြပါတယ်။