ရာသီဥတုကိုမမှုဘဲ ဝမ်းစာရှာရတဲ့ဘဝများ

ရာသီဥတု ဘယ်လောက်ပူပူ ဘယ်လောက်အေးအေး၊ အသက်အန္တရာယ်ကို မကြည့်နိုင်ဘဲ မိသားစု အသက်ရှင်ရပ်တည်ရေးအတွက် ဝမ်းစာရှာနေရတဲ့သူတွေ ရှိနေပါတယ်။

ရန်ကုန်မြို့တစ်နေရာတွင် နေ့အပူချိန်ကို အန်တုရင်း ရေဘူးလိုက်ပို့နေသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ကတွေ့ရစဥ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ လူ့အသက်တွေ သေတဲ့အထိ ပူပြင်းခဲ့တဲ့ ရာသီဥတုအောက်မှာ လူအများစုရဲ့ ညည်းတွားသံ၊ စိုးရိမ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ရာသီဥတု ဘယ်လောက်ပူပူ ဘယ်လောက်အေးအေး၊ အသက်အန္တရာယ်ကို မကြည့်နိုင်ဘဲ မိသားစု အသက်ရှင်ရပ်တည်ရေးအတွက် ဝမ်းစာရှာနေရတဲ့သူတွေ ရှိနေပါတယ်။

အဲဒီလို လူတွေထဲမှာ ရန်ကုန်မြို့က ဆိုက်ကားဆရာ ဦးကျော်စိုးလည်း တစ်ယောက်အပါအဝင်ပါ။

“ကျောပူမှ ဝမ်းအေးရတာ၊ ကျောပူမှ နားအေးရတာ၊ ကျောမပူရင် ကျွန်တော်တို့က ဝမ်းမအေးဘူး၊ ကျောမပူ ဝမ်းမအေးဘူးဆိုတာ ပူလို့ဆိုပြီး အိမ်မှာ အိပ်နေမယ်၊ ကျောတော့ မပူဘူးဗျာ။ စျေးဖိုးမပေးနိုင်တော့ မိန်းမနဲ့ ကလေးတွေက နားပူအောင် လုပ်တော့မယ်။ ဒါကြောင့် ကျောပူတာ နေပူတာတွေ မကြောက်တော့ဘူး။ နားပူမှာပဲ ကြောက်တယ်ဗျာ”

ရန်ကုန်မြို့ရဲ့ မနေ့ မေလ ၇ ရက်က အပူချိန်ဟာ အနိမ့်ဆုံး ၂၇ ဒီဂရီ ဆဲလ်စီးယပ် (ဖာရင်ဟိုက်နဲ့ဆိုရင် ၈၁ ဒီဂရီ) ရှိပြီး အမြင့်ဆုံး အပူချိန်က ၄၁ ဒီဂရီ ဆဲလ်စီးယပ် (ဖာရင်ဟိုက်နဲ့ဆိုရင် ၁၀၆ ဒီဂရီ) ရှိခဲ့တယ်လို့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ရာသီမရွေး နေ့ညမရွေး အလုပ်လုပ်နေတာတောင် ထမင်းငတ်တဲ့နေ့တွေ ရှိပါတယ်”

အပူချိန်တွေကြောင့် လူတွေရော တိရစ္ဆာန်တွေပါ ဖျားနာတာ၊ အသက်ဆုံးရှုံးတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်တွေ၊ ရှောင်ကြဉ်ရမယ့်အချက်တွေ၊ သတိပြုရမယ့်အချက်တွေကို စစ်ကောင်စီလက်အောက်ခံ သတင်းစာမှာ ဒီနေ့အထိ ထုတ်ပြန်ခဲ့ပေမယ့် အခြေခံလူတန်းစားကြားမှာတော့ ဒီသတိပေးချက်တွေက မထိရောက်ခဲ့ပါဘူး။

“ထိုင်နေလို့ မရဘူးလေ။ ကျန်းမာရေးဝန်ကြီးဌာနက နားခိုင်းပေမယ့် အဆင်မှပြေမနေတာ။ မိသားစု စားဖို့ သောက်ဖို့အတွက် ရှာရဖွေရမှာပဲ။ ဆင်းရဲသားဘဝဆိုတော့ အချိန်မရွေး ရှာဖွေနေရတာပဲ။ နွေလည်းနွေ၊ မိုးလည်းမိုး၊ ဆောင်းလည်းဆောင်း”

ရာသီမရွေး နေ့ညမရွေး အလုပ်လုပ်နေတာတောင် ထမင်းငတ်တဲ့နေ့တွေ ရှိတယ်လို့ ရန်ကုန်မြို့စွန် မင်္ဂလာဒုံမြို့နယ်ကနေ မြို့လယ်ကောင် ကျောက်တံတားမြို့နယ်အထိလာပြီး ဆိုက်ကားနင်းနေတဲ့ ဦးကတုံးက ပြောပါတယ်။

“ဒီနေ့မလုပ်ရင် ဒီနေ့ငတ်မှာ၊ မနက်ဖြန်မလုပ်ရင် မနက်ဖြန်ငတ်မှာပဲ။ ဒီနေ့လုပ်နေတာတောင် ဒီနေ့ ငတ်နေတာ။ စျေးတွေကလည်း ကြီးလာလိုက်တာ။ ကန်စွန်းရွက်တစ်စည်း ခုနစ်ရာ၊ ချဉ်ပေါင်ရွက်တစ်စည်း ငါးရာ၊ ဆန်တစ်ပြည်ကို အနည်းဆုံး ၄၂၀၀၊ အဲဒါတောင်မှ အိမ်စရိတ်က တစ်နေ့ကို တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ရမှ၊ မိသားစု များရင်များသလို နည်းရင်နည်းသလို ကုန်တယ်။ ကျောပူပူနဲ့ လုပ်ရတဲ့ကြားထဲ အခွန်ဆောင်ထားတဲ့ ကျွန်တော်တို့ လိုင်စင်ဘီးတွေက ဖမ်းခံရသေးတာ။ ဟိုနေရာ မသွားရဘူး။ ဒီနေရာ မဝင်ရဘူး။ လုပ်နေရင်းနဲ့ ငတ်နေတာပါ”

နေ့အပူချိန်ကို အန်တုရင်း ဝမ်းရေးအတွက် အလုပ်လုပ်နေသည့် ဆိုက်ကားသမားတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

နိုင်ငံတစ်ဝန်းမှာ မိုးရွာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ဒီနေ့အထိ ပူနေသေးတယ်လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

ရာသီဥတု ဘယ်လိုပဲဆိုးဆိုး ဆိုက်ကားဆရာ ဦးကျော်စိုးတို့လို မိသားစုတွေအဖို့ ရွေးချယ်စရာက နေရောင်အောက်က ဘဝတွေပဲ ဖြစ်ပါတော့တယ်။

“ကလေးတွေက ငိုမယ်၊ ယိုမယ်၊ ဒီအသံတွေနားထဲမှာ ကြားနေရင်မရဘူး၊ နေဘယ်လောက်ပူပူ၊ ပူချင်သလောက် ပူပါစေတော့ ငါမိသားစုအတွက် ရှာရမှာပဲဆိုတဲ့စိတ်ဟာ ခေါင်းထဲကို အလိုလိုရောက်လာတယ်”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org